
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲ မြို့နယ်တချို့မှာ စစ်ကြောင်းပြန်ထိုးတာတွေ လုပ်နေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက မြို့နယ် ၆၃ မြို့နယ်ကို စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော် စတဲ့ မြို့နယ် ၉ မြို့နယ် စစ်အုပ်ချုပ်ရေး ကြေညာထားခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ပုလဲမြို့နယ်မှာတော့ အင်မထီး ပျူစောထီးကျေးရွာကနေ အင်အား ၂၀၀ နီးပါးနဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းတလျှောက်က တလိုင်းကန်၊ သရက်ကန် စတဲ့ကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပြီး အင်မထီး ပျူရွာအတွက် ရိက္ခာ လုယူတာတွေလည်း လုပ်ဆောင်နေတယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၈ ရွာ ဝန်းကျင်က ပြည်သူ ၅,၀၀၀ ဝန်းကျင်လည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး ပုလဲမြို့နယ်ထဲက စစ်ကောင်စီလှုပ်ရှားမှု အခြေအနေကို ပုလဲမြို့နယ် လူသားစာနာတာဝန်ခံ ကိုဇော်ထွန်းက ပြောပါတယ်။
“ဇူလိုင် ၃၁ ရက်နေ့ကနေ နောက်ပိုင်း ပုလဲနယ်ထဲ စကစဘက်က လှုပ်ရှားတာကတော့ ကန့်ထောင့်စခန်းသိမ်းပြီး အင်မထီးကိုချခဲ့တဲ့ အင်အားက အင်မထီးကထွက်ပြီး ကန့်ထောင့်ဘက်ကိုလည်း မရောက်ဘူး၊ စစ်ကြောင်းပတ်ထိုးနေတာ ၂ ပတ်ကျော် ကြာသွားပြီ။ ပြည်သူတွေကတော့ အကုန်လုံး တိမ်းရှောင်နေရတယ်။ အကုန်လုံး ဒုက္ခတွေရောက်နေတာပေါ့။ စစ်ပွဲကာလက ကြာတာရော စစ်ကြောင်းက တောက်လျှောက် ပတ်ထိုးနေတော့ တိမ်းရှောင်နေကြရတာပေါ့။”
စစ်တပ်က ချင်းတွင်းမြစ်ကမ်းတလျှောက် စစ်သင်္ဘောတွေ စုန်ဆင်းလာပြီးနောက် ၃ ရက်အတွင်းမှာ ကနီမြို့နယ်ဘက် ရောက်လာနိုင်လို့ စစ်ရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ကနီဒေသခံတွေက ပြောကြပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာတဲ့အထဲ မပါတဲ့ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ဘုတလင်၊ အရာတော် စတဲ့မြို့နယ်တွေဘက်ကိုလည်း စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့နယ်ထဲမှာတော့ မြေပြင်စစ်ကြောင်းမထိုးတာ ၂ နှစ်ဝန်းကျင်ရှိပြီး စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ဩဂုတ် ၁၂ ရက်မှာ မြို့ထဲကနေ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ပြည်သူ့နေအိမ်က ပစ္စည်းတွေကို ယူဆောင်သွားတာရှိတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲနီးတဲ့အတွက် စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲမှာ နယ်မြေစိုးမိုးဖို့အတွက် ကုန်းကြောင်းရော လေကြောင်းကပါ ထိုးစစ်ဆင်လာနိုင်လို့ ပြည်သူတွေအတွက် စိုးရိမ်စရာ အခြေအနေ ရှိတယ်လို့ ရေဦးအနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောပါတယ်။
“စစ်ကောင်စီ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ဒီနေ့လက်ရှိအချိန်အထိကတော့ မုံရွာ နမခရယ်၊ ဘုတလင်ရယ် စကစဘက်က စစ်ရေးလှုပ်ရှားမှုလေးတွေရှိတယ်။ ဘုတလင်ဘက်ကနေ ဒီပဲယင်းနယ်ထဲအထိ စစ်ကြောင်းထိုးလာနိုင်ခြေလည်း ရှိတယ်။ ပြည်သူတွေအနေနဲ့လည်း မပေါ့ဆကြဖို့ပေါ့နော်။ နောက်ပြီးတော့ မုံရွာနမခ ဘုတလင်၊ ဒီပဲယင်း၊ ရေဦးနယ်ဘက်အထိ လာနိုင်တယ်လို့တော့ ခန့်မှန်းရတယ်။”
စစ်တပ်က စစ်ကိုင်းတိုင်းထဲကို စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို ကုန်ပစ္စည်းသယ်ယူမှုကိုလည်း ကန့်သတ်ထားပါတယ်။
ဩဂုတ်လ ပထမအပတ်ကစပြီး မန္တလေးမြို့အထွက် စစ်ကိုင်းတိုင်းဘက်ကိုဝင်တဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် ကုန်ပစ္စည်း ၈ မျိုးကို စစ်တပ်က ကန့်သတ်လိုက်တာပါ။
စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရချိန်မှာ ကုန်ပစ္စည်း သယ်ယူမှုတွေကိုပါ ထပ်မံကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် အကူအညီပေးရေး လုပ်ငန်းတွေမှာ အခက်ကြုံနိုင်တယ်လို့ စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ S&C အဖွဲ့ တာဝန်ရှိသူ ကိုစိုးမိုးအောင်က ပြောပါတယ်။
“ပြည်သူတွေအနေနဲ့ ဘာတွေကြုံလာနိုင်လဲဆိုရင် ဟိုးတုန်းကလို စစ်ရှောင်ကြရရင် စစ်ရှောင်တဲ့ နေရာတွေမှာ နေရေးထိုင်ရေး စားရေးသောက်ရေး ကူညီမယ့် အဖွဲ့အစည်းမျိုးတွေ ဆိုတာ ရှားသွားပြီပေါ့နော်။ အဖွဲ့အစည်းတွေတော့ ရှိတယ်၊ ကူညီချင်ပေမဲ့ အားလုံးက ခုချိန်မှာ ငွေကြေးအခက်အခဲနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲ ကုန်ဈေးနှုန်းမြင့်တတ်တာတွေကြောင့် ဒုက္ခတွေတော့ ကြုံနိုင်တယ်ဗျ။”
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဇူလိုင် ၃၁ ရက်မှ ဩဂုတ်လ ၁၄ ရက်အတွင်း စစ်တပ်က စစ်ကိုင်းတိုင်းထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
သီရိ