Home
မြန်မာသတင်း
ကရင်နီ မြို့နယ် ၇ ခုလုံး ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်ဟု IEC ပြော
DVB
·
August 16, 2025

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က မြို့နယ် ၇ ခုလုံးမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီတပ်က သြဂုတ် ၁၅ ရက်က ကြေညာထားပြီး မဖြစ်နိုင်ဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး  ၂ ဦးဗညားက ပြောပါတယ်။

စစ်တပ်က လွိုင်ကော်၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့နဲ့ ရှားတောမြို့နယ်တို့မှာ ကိုယ်စားလှယ်တယောက်ဆီ မဲအများဆုံးရသူ အနိုင်ယူစနစ်နဲ့ ရွေးကောက်တင်မြှောက်ခံမယ်လို့ ထုတ်ပြန်ထားပါတယ်။

IEC အတွင်းရေးမှူး ၂ ဦးဗညားက “ရှားတောပဲပြောပြော၊ မယ်စဲ့ပဲပြောပြော အဲနေရာတွေက သူတို့ တပ်စခန်းတွေ ကင်းစင်ပြီးတော့ သူတို့သွားလို့ မရတဲ့နေရာတွေပေါ့နော်။ အဲနေရာတွေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာက ရယ်စရာဖြစ်တယ်။ နောက်တခုက တချို့ မသိတဲ့သူကို လှည့်စားလို့ ရကောင်းရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပါနေမလားပေါ့။ လူသူရှိတာက လွိုင်ကော်မြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာက ဘယ်သူမှရှိမှာမဟုတ်ဘူးပေါ့နော်၊ Digital အရက ဖြစ်ကောင်းဖြစ်နိုင်မယ်၊ မြေပြင်မှာကတော့ ရွေးကောက်ပွဲလုပ်နိုင်မယ့် အခြေအနေမရှိဘဲ အပြသဘောဖြစ်ပြီး မသိတဲ့သူကို လိမ်စားတာမျိုးပေါ့” လို့ ပြောပါတယ်။

ဒါကြောင့် စစ်တပ်ကရွေးကောက်ပွဲပြုလုပ်မယ်ဆိုတာ မြေပြင်ကပြည်သူတွေရဲ့ ဆန္ဒမပါဘဲ ဒစ်ဂျစ်တယ်စနစ်နဲ့ လိမ်ညာလှည့်ဖြားတာပဲဖြစ်မယ်လို့ ဆိုပါတယ်။

ဦးဗညားက “မယ်စဲ့က စစ်ရှောင်တဲ့သူတွေ၊ ရှားတောက စစ်ရှောင်တဲ့သူတွေ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေရောက်တဲ့အချိန်မှာ သူတို့ Digital voting နဲ့ သွားရင် သွားလို့ရတာပေါ့နော်။ ဒါပေမဲ့ ရှားတောမြို့ပေါ်မှာ မဲရုံတော့ရှိမှာမဟုတ်ဘဲနဲ့ အဲဒီလူတွေကို မဲထည့်ပြီးတော့မှ visualize ပြတဲ့အချိန်မှာ ရှားတောမြို့နယ်က ဘယ်နှယောက်ထည့်တယ်ဆိုတာကို ပြန်ပြဖို့အတွက်က အခုကတည်းက Digital Technology ကို အခြေခံပြီးသွားမယ့်စနစ်ကို သို့တည်းမဟုတ် လူတွေကို လှည့်စားတဲ့စနစ်ကိုသုံးနိုင်အောင် ခုကတည်းက မဖြစ်မှန်းသိရက်သားနဲ့ နာမည်စာရင်းကို ဖောက်ထည့်ထားတယ်လို့လည်း ယူဆလို့ရပါတယ်” လို့ ဆက်ပြောပါတယ်။

မယ်စဲ့၊ ရှားတောမြို့နယ်တွေကို စစ်ကောင်စီတပ်က လက်လွှတ်ပေးထားရပြီး ဖားဆောင်းမှာလည်း စစ်ကောင်စီ ခလရ ၁၃၅ တပ်စခန်းတခုပဲ ကျန်ရှိနေသလို ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်တွေမှာလည်း ပြည်သူတွေမရှိတော့ဘဲ စစ်တပ်မိသားစုဝင်အများစုသာ ကျန်ရှိနေတာပဲဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နယ်မြေမအေးချမ်းသေးတဲ့အတွက် ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေလည်း ရှိနေတာပါ။

ဒါကြောင့် စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်တာက မြေပြင်ကပြည်သူတွေကို မဲဆွယ်စည်းရုံးမှုမပါဘဲ Digital စနစ် (သို့မဟုတ်) မသိတဲ့သူတွေကို လိမ်ညာလှည့်ဖြားမှုသာဖြစ်တယ်လို့ ဦးဗညားက ပြောပါတယ်။

မြန်မာနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပေမဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၃၂၂ ခုမှာပဲ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013