
ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ ပြစ်ဒဏ်ကျခံခဲ့တဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ နှစ်နိုင်ငံတာဝန်ရှိသူတွေကတဆင့် လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၅ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ရနောင်းမြို့၊ ပန်နားဆိပ်ကမ်း၊ စူကာလ်ကော်လှေဆိပ်ကနေတဆင့် ကော့သောင်းလှေဆိပ်ဆီ လွတ်ရက်စေ့အချုပ်သားတွေကို ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နေရပ်ပြန်ပို့ခံရသူ ၉၉ ယောက်ထဲမှာ အမျိုးသား၊ အမျိုးသမီးအရေအတွက်ကို အတိအကျ ထုတ်ပြန်ဖော်ပြထားတာမရှိဘဲ ပို့ဆောင်ခံရသူတွေနဲ့ ပတ်သက်ပြီးမသိရသေးဘူးလို့ ကော့သောင်း မြို့ခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား ၁၆၂ ယောက်ကို ရနောင်းကနေ ကော့သောင်းလှေဆိပ်ကို ပို့ဆောင်ခဲ့သေးတယ်လို့ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။
နေရပ်ပြန်ပို့ခံရတဲ့သူတွေကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး မကြာခဏ ဖမ်းဆီးခံနေတယ်လို့လည်း ကော့သောင်းမြို့ခံပြည်သူတွေဆီက သိရပါတယ်။