
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားသစ် စုဆောင်းခံထားရတဲ့ ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို ဩဂုတ် ၁၄ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က DVB ကို ပြောပါတယ်။
ဂေါ်ရခါးလူမျိုးတွေအနေနဲ့ မိုးကုတ်မြို့ပေါ် အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရာမှာ ပူးပေါင်းပါဝင်နေတာတွေ ရှိပေမဲ့ စစ်မှုထမ်းဖို့အတွက် အဆင်သင့် မဖြစ်သေးတာကြောင့် ပြန်လွှတ်ပေးခဲ့တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။
“ဂေါ်ရခါးလူမျိုးတွေကို တပ်သား စုဆောင်းနေတဲ့ အပေါ်မှာတော့ မနေ့က ဂေါ်ရာခါးလူမျိုး ရပ်မိရပ်ဖိတွေ တွေ့ဆုံပြီး သူတို့ကို ပြန်လွှတ်ပေးတာ ရှိပါတယ်။ ဂေါ်ရခါးလူမျိုးတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ မိုးကုတ်မြို့မှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေး ဆောင်ရွက်တဲ့ အခါမှာ ပူပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်တာမျိုး ရှိပါတယ်။ ဂေါ်ရခါးလူမျိုးတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းဖို့အတွက်ကတော့ အဆင်သင့် မဖြစ်သေးလို့ ပြန်လွှတ်ပေးခဲ့တာပါ။”
ပြန်လည်လွတ်မြောက်လာတဲ့ ဂေါ်ရခါးလူမျိုးတွေဟာ မိုးကုတ်မြို့ အဝင်၊ အထွက်ဂိတ်တွေနဲ့ မြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် အတင်းအကျပ် တပ်သားသစ် စုဆောင်းခံထားရတဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဂေါ်ရခါးလူမျိုးတွေကို စစ်မှုထမ်းဖို့ TNLA က သြဂုတ် ၉ ရက်က စတင်ပြီး ဖမ်းဆီးနေတယ်လို့ မြို့ခံ ဂေါ်ရခါးလူမျိုးတွေက ပြောပါတယ်။
မိုးကုတ်မြို့ နန်းနွဲ့ရွာက အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၄ ယောက်ကို သြဂုတ် ၉ ရက် ညပိုင်းမှာ TNLA ဘက်က ဖမ်းဆီးသွားခဲ့ပြီး တောင်ကချင် စစ်ဆေးရေးဂိတ်မှာလည်း ဂေါ်ရခါးလူမျိုး ၄ ယောက်ကို ဖမ်းဆီးထားခဲ့တယ်လို့ ဂေါ်ရခါးလူငယ် တယောက်က ပြောပါတယ်။
“သူတို့က မဖမ်းဘူးဆိုပြီး အပြောတခု၊ အလုပ်တခု။ ကျနော်တို့ မလုပ်ချင်လို့ ထွက်ပြေးမယ် ဆိုရင်လည်း အိမ်ကလူတွေကို ဖမ်းနေတယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။”
မိုးကုတ်မြို့မှာ ဂေါ်ရခါးလူမျိုးတွေကို စစ်မှုထမ်း လူစုဆောင်းဖို့ ဂေါ်ရခါးလူမျိုး တာဝန်ရှိသူတွေနဲ့ TNLA တို့ မတ်လကတည်းက စတင်ပြီး အစည်းအဝေးပြုလုပ်ခဲ့ပေမဲ့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့ခံ ဂေါ်ရခါးလူငယ်တယောက်က “သူတို့က တရပ်ကွက်ကို ၃ ယောက် တောင်းတယ်။ တချို့ရပ်ကွက်ကတော့ လိုက်သွားတယ်၊ မလိုက်သွားတဲ့ ရပ်ကွက်ကျ ဝင်ဖမ်းတယ်။ ကျနော်တို့လည်း တလရမှာ ပါဝင်နေပါတယ်။ တခြား တပ်ရင်းတွေမှာ ဂေါ်ရခါးတွေ ပါဝင်နေတာ ရှိပါတယ်။ TNLA ဘက်က စစ်မှုထမ်းတာနဲ့ ပတ်သက်ပြီး စည်းမျဥ်းဥပဒေတွေ ဘယ်လိုလုပ်ထားလဲ မသိရဘူး။ လုပ်ချင်သလို လုပ်နေတယ် ထင်ရတယ်” လို့ ပြောပါတယ်။
TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ တပ်သားသစ် စုဆောင်းတဲ့အခါ အတင်းအကျပ် ဆောင်ရွက်တာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က ပြုလုပ်တဲ့ TNLA သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။