Home
မြန်မာသတင်း
မြန်မာနယ်စပ်ဒုက္ခသည်စခန်းများမှ အလုပ်သမားများ ခေါ်ယူမည်ဟု ထိုင်းအလုပ်သမားညွှန်မှူး ပြော 
DVB
·
August 14, 2025

ထိုင်းနိုင်ငံမှာ အလုပ်သမားပြတ်လပ်မှု ပြဿနာဖြေရှင်းဖို့ မြန်မာ နယ်စပ်ဒုက္ခသည်စခန်း ၉ ခုကနေ အလုပ်သမားတွေ ခေါ်ယူမှာဖြစ်သလို လက်ရှိ ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသူတွေကိုလည်း မှတ်ပုံတင်ပေးဖို့ အစီအစဉ်ရှိကြောင်း ထိုင်းအလုပ်သမားရှာ ဖွေခန့်ထားရေ ဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် နိုင်းဆုမ်ချိုင်းမော်လကွတ်ဆီဝမ်းက ဩဂုတ် ၁၃ ရက်  ထိုင်း FM ရေဒီယိုတခုနဲ့  အင်တာဗျူးမှာ ထည့်သွင်းပြောကြားသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအလုပ်သမားတွေ သောင်းနဲ့ချီ နေရပ်ပြန်ကုန်ပြီး လုပ်ငန်းခွင်တွေမှာလည်း အလုပ်သမားပြတ်လပ်မှု ပြဿနာတွေနဲ့ ကြုံတွေ့နေရတာပါ။

ထိုင်းနိုင်ငံထဲမှာ နှစ်နိုင်ငံ သဘောတူညီချက် အမ်အိုယူအနေနဲ့ရော၊  ၁၀ နှစ်ခံကတ်၊ နယ်စပ်ဖြတ်ကျော်ကတ် စတဲ့ပုံစံအမျိုးမျိုးနဲ့ တရားဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယား အလုပ်သမား ၅၂၀,၀၀၀ ကျော်ရှိတယ်။ 

တရားမဝင် လုပ်ကိုင်နေသူနဲ့ တခြားကိစ္စတွေနဲ့ ဝင်ရောက်နေထိုင်သူတွေပါ တွက်ရင် ထိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံသား ၁ သန်းကျော်ဝင်ရောက်နေထိုင်တယ်လို့ ခန့်မှန်းရတယ်။

နယ်စပ်ပဋိပက္ခကြောင့် ပြန်သွားသူတွေမှာ စာရင်းအတိအကျမသိရပေမဲ့ ကျထပူရီနဲ့ ဆာကယောက်ခရိုင်ရှိ နယ်စပ်တံခါးပေါက်ကနေ ပြန်သွားသူဦးရေ ၃၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်း ထားပြီး အများစုကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။

နေရပ်ပြန်ပြီး ဟိုမှာ အဆင်မပြေလို့ ပြန်လာသူတွေလည်းရှိပေမဲ့ ပြန်လာသူတွေထဲမှာ ရိုးရိုးသားသား အလုပ်သမားမဟုတ်ဘဲ  သူလျှိုတွေလည်း ရောနှောပါဝင်လာနိုင်တာကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် အထူးစိစစ်ပြီးမှ လက်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ်  လုပ်ငန်းခွင်တွေမှာ အလုပ်သမားပြတ်လပ်မှုတွေ ကြုံတွေ့နေရပြီး ဒီပြဿနာ ဖြေရှင်းတဲ့အနေနဲ့   အစားထိုးအလုပ်သမားတွေ ရှာဖွေရမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားညွှန်မှူးက ပြောပါတယ်။

အရင်ဆုံး တပ်မတော်သားတွေထဲကနေ ခေါ်ယူမယ်၊ အဲဒီနောက် အကျဉ်းထောင်ထဲမှာ စည်းကမ်းသေဝပ်ပြီး ကောင်းမွန်စွာနေထိုင်သူတွေ၊ လူငယ်စာရိတ္တပြုပြင်ရေးစခန်းတွေထဲက ခေါ်ယူမယ်၊ ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ အလုပ်သမားတွေ မှတ်ပုံပြန်တင်ပေးမယ်၊ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း ၉ ခုကနေ ခေါ်ယူမယ်၊ အဲဒီမှစခန်းတွေမှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူ ၄၂,၀၀၀ ကျော်ရှိတယ်လို့  အလုပ်သမားညွှန်မှူးက ဆက်ပြောပါတယ်။

ဒါ့အပြင် သီရိလင်္ကာ၊ နီပေါ စတဲ့နိုင်ငံက အလုပ်သမားတွေပါ ခေါ်ယူဖို့ရှိတယ်။ လုပ်ငန်းခွင်မဝင်ခင် အလုပ်ဆိုင်ရာသင်တန်းတွေ၊ အရည်အသွေးမြှင့်သင်တန်းတွေ တက်ရမယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်တွေမှာ လူအင်အားကို အသုံးပြုတာဟာ အမြဲတည်မြဲမှုမရှိဘူး၊ ကမ္ဘောဒီးယား ပြဿနာလို ဖြစ်လာရင် ရုတ်တရက် အလုပ်သမားအင်အား ပြတ်လပ်ရင် လုပ်ငန်ခွင်မှာ အခက်အခဲရှိတယ်၊ ဒါကြောင့် စက်ရုံ အလုပ်ရုံတွေအနေနဲ့ လူအင်အားအပြင် နည်းပညာတွေ အသုံးပြုပြီး လူသားရင်းမြစ်လျှော့ချဖို့လည်း လိုအပ်တယ်လို့ ထိုင်းအလုပ်သမား ညွှန်မှူးက ပြောသွားပါတယ်။ 

အမေရိကန်က အကူအညီတွေ ရပ်ဆိုင်းလိုက်လို့ ထိုင်းနိုင်ငံမှာ အငတ်ဘေးဆိုက်နေတဲ့ မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို စခန်းပြင်ထွက် အလုပ်လုပ်ခွင့်၊ ခရီးသွားလာခွင့်တွေ အမြန်ဆုံးပေးဖို့ ထိုင်းအစိုးရကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဩဂုတ် ၁၁ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

Source : PR DOE News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013