Home
နိုင်ငံတကာ
အပစ်ရပ်ရေးအတွက် ဒွန်ဘက်စ်ဒေသကို မပေးနိုင်ဟု ယူကရိန်းသမ္မတပြော
DVB
·
August 13, 2025
Photo: Paolo Giandotti/Handout via REUTERS

အပစ်အခတ်ရပ်စဲရေးအတွက် အလဲအလှယ်အနေနဲ့ ဒွန်ဘက်စ်ဒေသကို လက်လွှတ်ဖို့ ရုရှားက အဆိုပြုလာရင် ပယ်ချသွားမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ပြောကြားလိုက်ပါတယ်။ 

အဲဒီဒေသကို ခြေကုပ်ယူပြီး အနာဂတ်မှာ တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့လည်း ဇလန်းစကီးက ထောက်ပြပါတယ်။

ဩဂုတ် ၁၅ ရက်ကျရင်၊ အလာစကာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မတွေ့ဆုံမီ ဇလန်းစကီးက အခုလို မှတ်ချက်ချခဲ့တာဖြစ်ပါတယ်။ 

သမ္မတ ထရမ့်ပ်က ဘယ်ငြိမ်းချမ်းရေးသဘောတူညီချက်မှာမဆို နယ်မြေလဲလှယ်မှုတချို့ ပါဝင်နိုင်တယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။ 

ယူကရိန်းထိန်းချုပ်ထားနိုင်ဆဲဖြစ်တဲ့ ဒွန်းဘက်စ်ဒေသ နေရာတချို့ကိုပါ လက်လွှတ်ပေးရေးဟာ ပူတင်ရဲ့ တောင်းဆိုချက်တွေထဲက တခုဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ရုရှားတပ်တွေဟာ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်နေပြီး  အရှေ့ဘက် ဒိုဘရိုပီလီးယားမြို့နားကို ရုတ်တရက် ချဉ်းကပ်လာနိုင်ပါတယ်။ 

အချိန်တိုအတွင်းမှာ ၁၀ ကီလိုမီတာ (ခြောက်မိုင်) အထိ ရှေ့တိုးလာနိုင်တာ ဖြစ်ပါတယ်။ နေရာအများအပြားမှာ ထိုးစစ်တွေ ဖြစ်ပေါ်နေတယ်လို့ ဇလန်းစကီး ကိုယ်တိုင်လည်း ဝန်ခံထားပြီးတော့ တိုက်ခိုက်လာတဲ့ တပ်တွေကို ကိယက်ဗ်က မကြာမီ ချေမှုန်းနိုင်မယ်လို့ တုံ့ပြန်ထားပါတယ်။ 

ရုရှားရဲ့ ရည်ရွယ်ချက်ဟာ ထရမ့်ပ်နဲ့ ပူတင် မတွေ့ခင်မှာ၊ ရုရှားက ရှေ့တိုးတိုက်စစ်ဆင်နေတယ်၊ ယူကရိန်းက ရှုံးနေပြီဆိုတဲ့ သတင်းစကားမျိုး ဖန်တီးချင်တာသာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတက ဆိုပါတယ်။ 

ဒွန်ဘက်စ်ဒေသကြီးထဲမှာ ယူကရိန်းအရှေ့ပိုင်း လူဟန့်စ်နယ်နဲ့ ဒွန်ညက်စ်နယ်တွေ ပါဝင်ပြီး ၂၀၁၄ ကတည်းက ယူကရိန်းက အဲဒီဒေသတချို့ကို သိမ်းထားတာဖြစ်ပါတယ်။  လက်ရှိမှာတော့ မော်စကိုဟာ လူဟန့်စ်နယ် အားလုံးနီးပါးနဲ့ ဒွန်ညက်စ်နယ် ၇၀ ရာခိုင်နှုန်းကို သိမ်းထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013