Home
မြန်မာသတင်း
တနင်္သာရီ-မောတောင် ကားလမ်းပိုင်းတလျှောက်၌ တိုက်ပွဲပြင်းထန်နေ
DVB
·
August 11, 2025

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဒီတပတ်အတွင်း ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့တိုက်ပွဲ ဖြစ်ပွားနေပြီး တချို့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

တနင်္သာရီ-မောတောင် လမ်းပိုင်းတလျှောက်မှာရှိတဲ့ ဘန်းလမွတ်၊ လယ်တောင်ယာ၊ တမုတ်ချုံး၊ ရေဖြူ၊ ထုံခါနဲ့ သိန်ခွန်း စတဲ့ရွာတွေမှာ စစ်တပ်နဲ့ ဒေသတွင်း တော်လှန်ရေးတပ်တို့ ဒီတပတ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုစတားက “တနင်္သာရီမြို့နယ် တချို့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်။ အရှေ့ ၂ ရက်လောက်ကလည်း ထုံခါ-သိန်ခွန်း ရွာကြားမှာ စကစရဲ့ စစ်ကား ၂ စီး တိုက်ခိုက်ခံရပြီး သေဆုံးမှုများတယ်။ သိန်ခွန်းတိုက်ပွဲမှာလည်း အရာရှိ အပါအဝင် စကစတပ်သား ၃၀ လောက် သေဆုံးတယ်” လို့ ပြောပါတယ်။

သြဂုတ် ၉ ရက်က ထုံခါ-သိန်ခွန်းရွာကြားမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က RPG နဲ့ ပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

သြဂုတ် ၁၀ ရက်ကလည်း တမုတ်ချုံးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ဒေသတွင်း တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်တပ်က တပ်သားတွေက ရွာသားတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို ဖျက်ဝင်ပြီး ပစ္စည်းတွေခိုးယူတာနဲ့ အရပ်သား နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ ကိုစတားက ပြောပါတယ်။

တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ ၃၅ နယ်မြေဖြစ်တဲ့ ပုလောနဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ရေးပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပုလာ-မြိတ်-ဘုတ်ပြင်း ကားလမ်းပိုင်းတလျှောက်မှာ မလိုအပ်ဘဲ ခရီးသွားတာမျိုး မပြုလုပ်ဖို့နဲ့ စစ်ရေးသတိရှိဖို့ တနင်္သာရီတိုင်းစစ်ဌာနက အသိပေး ထုတ်ပြန်ထားပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013