Home
ဆောင်းပါး
၈၈၈၈ စိတ်ဓာတ် သို့မဟုတ် သံသယမဲ့စွာ ယုံကြည်ခြင်းခံထိုက်တဲ့ တော်လှန်ရေး
DVB
·
August 8, 2025

၈ ရက် ၈ လ ရောက်တိုင်း  မင်းဓမ္မလမ်း MCC ခန်းမမှာ ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ၂၀၁၃ ခုနှစ် သြဂုတ်လ ၆၊ ၇၊ ၈၊ ၃ ရက်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်ပွဲကို မြင်ယောင်ကာ သတိရမိတယ်။ အဲဒီအခမ်းအနားကို အဖွဲ့ချုပ် လူငယ်တယောက်အနေနဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရဲဘော်ရဲဘက် ညီအစ်ကိုမောင်နှမတွေရော၊ ၈၈ ကျောင်းသားမျိုးဆက် ခေါင်းဆောင်တွေရော၊ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂမျိုးဆက်တွေ၊ နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ ပြည်သူလူထုတွေရော ကြံ့ခိုင်ရေးအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေပါမကျန် အားလုံး စုဝေးရောက်ရှိကြလို့ အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတခု ဖြစ်ခဲ့ပါတယ်။

“ရှစ်လေးလုံးစိတ်ဓာတ်” ဆိုတာဟာ ၁၉၈၈ ခုနှစ်၊ ၈ လပိုင်း ၈ ရက်နေ့က စတင်ခဲ့တဲ့ ၈၈၈၈ ပြည်သူ့အရေးတော်ပုံရဲ့ တော်လှန်မှုစိတ်ဓာတ်ကို ရည်ညွှန်းတာပါ။ ဒါဟာ လူတန်းစားမရွေး၊ အမျိုးသမီး၊ ကျောင်းသား၊ အလုပ်သမား၊ မိသားစုဝင်တွေ အပါအဝင် ပြည်သူ့အင်အားစုတစုက တော်လှန်ခဲ့တဲ့ သမိုင်းမှတ်တမ်းတခုရဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။

“ရှစ်လေးလုံးစိတ်ဓာတ်” ရဲ့ အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် အာဏာရှင်ဆန့်ကျင်တဲ့ ရဲရဲဝံ့ဝံ့စိတ်ဓာတ်ပါပဲ။ တိုက်ရိုက်သေစေမှု၊ ဖမ်းဆီးနှိပ်စက်မှုတွေကို ကြုံရပြီးတောင် စစ်အာဏာရှင်ကို ဒူးမထောက် လက်မမြောက်ဘဲ ဆန့်ကျင်နိုင်တဲ့ ရဲရင့်မှုလို့ပဲ ဆိုချင်ပါတယ်။ နွေဦးတော်လှန်ရေးကို ၈၈ စိတ်ဓာတ်နဲ့ ဆက်လက်ချီတက်ကြရပါမယ်။ ပြည်သူ့အင်အားကို ယုံကြည်ရမယ်။ တဦးချင်း လူတယောက်တည်းနဲ့ မဟုတ်ဘဲ ပြည်သူလူထု စုဝေးမှုကြောင့်ပဲ ပြောင်းလဲမှု ဖြစ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုလည်း ရှိရမယ်။

ဒီမိုကရေစီအပေါ် သစ္စာရှိမှုလည်း ရှိရမယ်။ အမိန့်အာဏာကို ပြည်သူနဲ့ပတ်သက်မှုရှိတဲ့စနစ် တည်ဆောက်ချင်တဲ့ စိတ်ဓာတ်လည်း ရှိရမယ်။ အမှန်တရားအရေးအတွက် တော်လှန်မှုစိတ်ဓာတ်လည်း ရှိဖို့လိုပါတယ်။ မမှန်ကန်တဲ့အရာကို တုံ့ပြန်တော်လှန်ပြီး တရားမျှတမှုရဖို့ ကြိုးစားတဲ့ စိတ်ဓာတ်လို့လည်း အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။

သမိုင်းကို သတိပြုမိပြီး ဆက်လက်တော်လှန်လိုစိတ်ကို အားပေးပါတယ်။ ၈၈ မျိုးဆက်တွေရဲ့ အတိတ်ကို သင်ခန်းစာယူပြီး ယနေ့တော်လှန်ရေးမှာ ဆက်လက်ဆောင်ရွက်ဖို့ စိတ်ဝိညာဉ်တခုအဖြစ် သတ်မှတ်ခြင်းဟာ အရေးကြီးပါတယ်။ “ရှစ်လေးလုံးစိတ်ဓာတ်” ဟာ ဘာဖြစ်လာနိုင်သလဲဆိုရင် တော်လှန်ရေးရဲ့စွမ်းအင် ဖြစ်လာနိုင်ပါတယ်။ တသက်တခါ ပြင်းထန်တဲ့ ပြည်သူ့တော်လှန်မှုရဲ့ စွမ်းအင်က ဒီကနေ့ လူငယ်တွေမှာ တက်ကြွစွာ အားထုတ်မှုအဖြစ် တိုးချဲ့ ပေါင်းကူးလာပါတယ်။

“ရှစ်လေးလုံးအရေးတော်ပုံ” ဟု ခေါ်ဆိုကြသော ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က အရေးတော်ပုံဟာ မြန်မာ့ဒီမိုကရေစီရေးရာသမိုင်းအတွက် အရေးပါဆုံး ဖြစ်ရပ်တခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းမှုအပြီး ထပ်မံစတင်ခဲ့တဲ့ တော်လှန်ရေးနဲ့ ချိတ်ဆက်မှုတွေဟာ အရေးပါတဲ့ သမိုင်းအချိုးအကွေ့တွေပါပဲ။

ရှစ်လေးလုံးအရေးတော်ပုံ (၁၉၈၈)

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ပြည်သူလူထု (ကျောင်းသား၊ အလုပ်သမား၊ မိသားစုများ) စုဝေးပြီး ဦးနေဝင်းရဲ့ စစ်အုပ်ချုပ်ရေးအာဏာကို ဆန့်ကျင်ခဲ့ကြပါတယ်။ “ရှစ်လေးလုံး” ဆိုတဲ့ အမည်ဟာ ၈၈၈၈ (၈-၈-၁၉၈၈) သမိုင်းနေ့စွဲကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ စစ်အစိုးရကနေ အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ပြီး ထောင်ချီတဲ့လူတွေ သေဆုံးခဲ့ရပါတယ်။

၂၀၂၁ အာဏာသိမ်းမှုနဲ့ တော်လှန်ရေး

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရကို စစ်တပ်က မဲလိမ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအကြောင်းကြောင့် ပြည်သူတွေဟာ ပြန်လည်တော်လှန်ရေး စတင်ကြပြီး “CDM” မတရားတဲ့ အမိန့်အာဏာမှန်သမျှ လက်မခံခြင်းတွေ၊ ဆန္ဒပြမှုတွေ၊ လူငယ်တွေ စုပေါင်းတော်လှန်ကြတာတွေ စတဲ့ များပြားတဲ့ နည်းလမ်းတွေနဲ့ အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတာပါ။ ဒါကိုပဲ “Spring Revolution” နွေဦးတော်လှန်ရေးဟု  ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။

၈၈ တော်လှန်ရေးနဲ့  ၂၀၂၁ တော်လှန်ရေးကွင်းဆက်

အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ် ၈၈ နဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အဓိကကျသော စိတ်ဓာတ်ဟာ တူညီပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေးအတွက် မျိုးဆက်သစ်များ ပါဝင်ကြပါတယ်။ ကျောင်းသားတွေရဲ့ ဦးဆောင်မှုဟာ ၁၉၈၈ ခုနှစ်မှာ အဓိကဦးဆောင်သူနေရာက ကျောင်းသားတွေဖြစ်ပြီး ၂၀၂၁ တော်လှန်ရေးမှာလည်း ကျောင်းသားတွေ၊ လူငယ်တွေကပဲ ရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။

အကြမ်းဖက်ဖြိုခွင်းမှု နှစ်ခုစလုံးမှာလည်း စစ်အစိုးရက ပြည်သူထုကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခြင်းတွေ ဖြစ်ပွားခဲ့ပါတယ်။ သေနတ်ပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက်မှု စတဲ့ တူညီတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရက်ရက်စက်စက် လုပ်ခဲ့ပါတယ်။ ဓလေ့ထုံးတမ်းဆက်ခံမှု ၂၀၂၁ တော်လှန်ရေးမှာ ၈၈ မျိုးဆက်များ၊ ၈၈ Veterans များဟာ လူငယ်တွေကို ဦးဆောင်စွမ်းအားနဲ့ ထောက်ခံအားပေးကြပါတယ်။ တော်လှန်ရေးဝါဒ ပေါ်ထွက်မှု “We Want Democracy” “Down with Dictatorship” “Let the People Rule” ဆိုတဲ့ ဝါဒတွေဟာ နှစ်ခုစလုံးမှာ ယုံကြည်ချက်တွေ တူပါတယ်။ ထင်ရှားတဲ့ သက်တမ်းရှည်ပြဿနာတရပ် နာတာရှည်ရောဂါ အာဏာရှင်စနစ်ကို ဖယ်ရှားပြီး တည်ငြိမ်သော ဒီမိုကရေစီစနစ်ကနေ တရားမျှတမှု ဖော်ဆောင်နိုင်ရေး တနည်းအားဖြင့် အသွင်ကူးပြောင်းမှု တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကတော့ မသေချာသေးပေ။ ဒါဟာ နှစ်ခုစလုံးအတွက် စဉ်ဆက်မပြတ် တော်လှန်မှုတွေအဖြစ် ဆက်ရှိနေရတာ ဖြစ်ပါတယ်။

နိဂုံးချုပ်

“ရှစ်လေးလုံးစိတ်ဓာတ်” ဆိုတာက တချိန်တုန်းက ၈၈ မျိုးဆက် တော်လှန်ခဲ့တဲ့ အာဏာရှင်ဆန့်ကျင်စိတ်ဓာတ်၊ ဒီမိုကရေစီအတွက် တန်ဖိုးထားမှု၊ ပြည်သူ့အင်အားပေါ်အခြေခံမှု စတာတွေကို ယနေ့မှာပဲ မျိုးဆက်သစ်တွေ ဆက်လက်စွဲလမ်းနေတဲ့ စိတ်ဓာတ်ပါ။

ဒါဟာ တော်လှန်ရေးစိတ်ဓာတ်ရဲ့ သက်တမ်းရှည်မြဲမှုကို ဖော်ပြတာ ဖြစ်ပါတယ်။

၈၈ အရေးတော်ပုံဟာ ၂၀၂၁ ခုနှစ် တော်လှန်ရေးအတွက် မျိုးဆက်တဆက် စဉ်ဆက်မပြတ်ရေး ဆက်ပေးလိုက်သော ပြည်သူ့စွမ်းအားသမိုင်းတရပ်လည်း ဖြစ်ပါတယ်။ တော်လှန်ရေးဝါဒဟာ လူထုပါဝင်ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်တို့မှာ တူညီပြီး ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ပေါင်းစည်းမှုတရပ်ကို အခြေခံထားပါတယ်။

သံသယမဲ့စွာ ယုံကြည်ခြင်း ဆိုတာ “ကျနော်တို့နဲ့တူတဲ့ မျိုးဆက်ကြီးတခုကလည်း တော်လှန်ခဲ့ဖူးတယ်။ ဒါကြောင့် ကျနော်တို့လည်း ပြန်လှုပ်ရှားနိုင်တယ်” ဆိုတဲ့ စိတ်ဓာတ် ဖြစ်လာတယ်။ ပြီးတော့ ကျနော်တို့လိုချင်တာကို မရမချင်း ရှစ်လေးလုံးစိတ်ဓာတ်နဲ့ ဆက်ပြီး တော်လှန်သွားမယ်လို့ သံသယမဲ့စွာ ယုံကြည်ပြီး အသက်ဆက်နေဖို့ပါပဲ...။

ချစ်မင်းနွဲ့ကြည်

၈.၈.၂၀၂၅ ခုနှစ်။ မနက် ၈ နာရီ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013