
ဗီယက်နမ်နိုင်ငံမှာ ဩဂုတ် ၇ ရက်က ကျင်းပတဲ့ အာဆီယံချန်ပီယံရှစ်အုပ်စုအဖွင့်ပွဲစဉ်မှာ သြစတြေးလျ ယူ-၂၃ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်တက်ဖို့ အလားအလာ ကောင်းလာပါတယ်။
မြန်မာအမျိုးသမီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၃၂ မိနစ်မှာ မေသက်မွန်မြင့်က အဝေးကနေ လှလှပပကန်သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ အသင်းခေါင်းဆောင် ဝါရင့်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ဒုတိယပိုင်း ပွဲချိန် ၄၇ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။
ဩစတြေးလျလူငယ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၈၄ မိနစ်မှာ ဝုဒ်ဂိတ်ဖာဖီက သွင်းယူပေးခဲ့ပါတယ်။ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုတော့ အဖွင့်ဂိုးသွင်းယူခဲ့တဲ့ မြန်မာအသင်း နောက်တန်းကစားသမား မေသက်မွန်မြင့်က ရရှိသွားပါတယ်။
မြန်မာအသင်းပါဝင်တဲ့ အုပ်စု B မှာ ဖိလစ်ပိုင်း၊ သြစတြေးလျ-ယူ၂၃ နဲ့ အရှေ့တီမော အသင်းတွေပါဝင်နေတာပါ။
အုပ်စုအဖွင့်ပွဲစဉ်တွေမှာ မြန်မာအသင်းနိုင်ပွဲရခဲ့သလို ဖိလစ်ပိုင်ကလည်း တီမောကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး မြန်မာနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အုပ်စုပထမနေရာမှာရပ်တည်နေပါတယ်။
ထိပ်ဆုံး ၂ သင်းက ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမှာဖြစ်ပြီး ဖိလစ်ပိုင်နဲ့ သြစတြေးလျ၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့ရဲ့ ပွဲစဉ် တွေက အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။