Home
ဆောင်းပါး
ဝန်ကြီးချုပ်ရဲ့ ဝန်ချတောင်းပန်ခြင်းခံရသူ လူထုဦးလှ
မောင်တူး
·
August 7, 2025

ဝန်ကြီးချုပ်က၊ သူထောင်ချမိ

ဝန်ချတောင်းပန်၊ ဦးလှခံရ

သည်းခံပါသည်၊ ခွင့်လွှတ်သည်ဟု

သူသည် ပြန်ပြောလိုက်သတည်း။ ။

ဝန်ကြီးချုပ် ဦးနုရဲ့ “ပြည်ထောင်စုလမ်းသွယ်က” ဆောင်းပါးမှာ လူကောင်းတယောက်ဖြစ်တဲ့ ဦးလှကို ၁၉၅၃ ခုနှစ်က ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေးက ထောင်ချဖူးခဲ့တဲ့ အဖြစ်အပျက် ရှိခဲ့ပါတယ်။ အဲသည်တုန်းက ဝန်ကြီးချုပ်က ဦးနုပါ။ ဦးနုက သူ့ကိုယ်သူ ၂ တရားခံလို့ ဆိုပါတယ်။ သတင်းတပုဒ်ကြောင့် ဦးလှကို ပုဒ်မ-၅ နဲ့ ဖမ်းဆီး ထောင်ချတာကို ဦးနုက ဟန့်မတားလိုက်နိုင်တဲ့အတွက် နောင်တရပါတယ်။ မဖမ်းမီက “ကိုလှဟာ လူကောင်းတယောက်ပါ၊ ဒီလိုမလုပ်ကြပါနဲ့ကွာ” လို့ ဦးနုက တားနိုင်ပါတယ်။ ဒါပေမဲ့ ဦးနုက ဦးလှကို ဖမ်းတာကို တုံဏှိဘော လုပ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ဦးလှကို တောင်းပန်ဖြစ်ပါတယ်။ နေရာက မန္တလေးဘူတာကြီးမှာပါ။ ဦးနုက မန္တလေးကနေ ရန်ကုန်ပြန်တဲ့အခါ သူ့ကို ဧည့်သည်အချို့က လိုက်ပို့ပါတယ်။ ဒီအထဲမှာ လူထုဦးလှလည်း ပါတယ်။ ဦးနုက လူထုဦးလှကို မြင်ပါတယ်။ ဦးလှ ဆီကို ခပ်သုတ်သုတ်သွားပြီး လူတွေကြားထဲက တောင်းပန်ပါတယ်တဲ့။ ဦးနုက ဦးလှကို တောင်းပန်တဲ့အခါ ဦးလှက အံ့အားသင့်နေပါတယ်။ ဦးလှ ပြန်ပြောတာက “ကျနော် သင်ပုန်းချေပါပြီ ကိုကြီးနု၊ ဒါတွေကို မပြောနေပါနဲ့၊ ကိုကြီးနု၊ ကျနော် ခွင့်လွှတ်ပါတယ်။ ကျနော် သည်းခံပါတယ်။ မပြောပါနဲ့ ကိုကြီးနု” လို့ ဆိုပါတယ်။ ဦးနုဘေးနားမှာ လူတယောက်က “ကိုကြီးနု မီးရထားထွက်တော့မယ်၊ မီးရထားပေါ်မြန်မြန်တက်ပါ” လို့ သတိပေးရာ “ထွက်ထွက်ကွာ” လို့ ဦးနုက ဒေါနဲ့ ပြောပါသတဲ့။ နောက်တော့ ဦးနုက ကိုလှကို လက်ဆွဲနှုတ်ဆက်ပြီး လက်ပြကာ မီးရထားပေါ် ပြေးတက်သွားခဲ့ပါတယ်။

သတင်းမှန်ကို ထောင်ကျခံပြီး ရေးသားထုတ်ဝေတဲ့ လူထုဦးလှဟာ ဂုဏ်ရောင်ပြောင်တဲ့ သမိုင်းဝင်သူပါ။ ကိုယ် မတရား ထောင်ချလိုက်မိခဲ့တဲ့ လူကောင်းသူကောင်းကို ဝန်ချ တောင်းပန်ခဲ့တဲ့ တိုင်းပြည်အုပ်ချုပ်သူ ဝန်ကြီးချုပ် ဦးနုဟာလည်း စံနမူနာယူစရာ သမိုင်းဝင် ပုဂ္ဂိုလ်ပါ။ ဒီနေ့ ဘောမ သတင်းသမားတွေကို ထမင်းကျွေး တသိန်းပေးတဲ့ ဗိုလ်ချုပ်ခင်ရီတို့ သတင်းထောက်တွေ ဖမ်းသတ် ထောင်ချထားတဲ့ မအလတို့ကတော့ သမိုင်းဆိုး အတင်ခံရသူတွေပေါ့။ မအလ က အသိတရားရပြီး တောင်းပန်မယ်ဆိုရင် တောင်းပန်ခံရမယ့် သတင်းသမားတွေ များလှပေါ့။ တချို့ဆို တမလွန်ကတောင် ပြန်ခေါ် တောင်းပန်ရမှာပါ။

လူထုဦးလှဟာ သတင်းသမား၊ ပန်းချီသမား၊ ကဗျာသမားတွေ စသဖြင့် စာနယ်ဇင်းသမားတွေကို မွေးမြူ ပြုစု ပျိုးထောင်ခဲ့ကြောင်း ကိုယ်တိုင် ကြုံခဲ့ရသူတွေက ပြောပြတာ ကြားဖူးပါတယ်။ ဒီလို ဦးလှရဲ့ ဂုဏ်ပုဒ်တွေကို မပြောခင် ဦးလှရဲ့ ဘဝဖြစ်စဉ်ကို ကြည့်ကြရအောင်ပါ။

လူထုဦးလှ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုစွန်မြောင်းရွာမှာ ကုန်သည် ဦးပု၊ အမိ ဒေါ်ခိုင် တို့က ၁၉၁၀ ခု ဇန်နဝါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့မှာ မွေးဖွားတယ်။ နာမည်ရင်းက မောင်လှ ဖြစ်ပါတယ်။ ပုစွန်မြောင်းရွာ ဆရာ ဦးဖေခိုင် ကျောင်းမှာ ၄ တန်းအထိ ပညာသင်ယူခဲ့ပြီး ၁၉၂၆ မှာ ညောင်လေးပင်မြို့ အာစီအမ် (ရိုမန်ကက်သလစ် သာသနာပြု) ကျောင်းက ခုနှစ်တန်း အောင်ခဲ့တယ်။ ၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန် အစိုးရအထက်တန်းကျောင်းက ၁၀ တန်း အောင်တယ်။

ကြီးပွားရေးမောင်လှမှ လူထုဦးလှသို့

ဆယ်တန်းအောင်ပြီး စာရင်းကိုင်စာရေးသင်တန်း တက်ခဲ့တယ်။ တက်နေရင်းက လူငယ်များ ကြီးပွားရေးအသင်း သတင်းတွေကို သတင်းစာတွေဆီ ပေးပို့ခဲ့တယ်။ ၁၉၃၁ မှာ ဘောလုံးသမားတဦးအဖြစ် မြူနီစီပယ်မှာ ရာပြတ် အင်စပက်တော် ဝင်လုပ်နေတုန်းမှာပဲ လူငယ်များ ကြီးပွားရေးအသင်းတိုက် စာကြည့်တိုက်မှူး၊ လူငယ်များ ကြီးပွားရေးအသင်း ညကျောင်းဆရာ လုပ်ခဲ့တယ်။ ၁၉၃၂ မှာ “ကြီးပွားရေးမဂ္ဂဇင်း” ထုတ်ဝေတော့ ဦးလှ စာစရေးခဲ့တယ်။ ၁၉၃၃ မှာ “ကြီးပွားရေးလမ်းညွှန် မဂ္ဂဇင်း” ထုတ်ဝေတဲ့အခါ “ကြီးပွားရေးမဂ္ဂဇင်း” ကို မန္တလေးကို ပြောင်းရွှေ့ ထုတ်ဝေခဲ့တယ်။ စစ်အတွင်း မဂ္ဂဇင်း ရပ်ထားပြီး ကိုယ်ပိုင်စာအုပ်တွေ ရိုက်နှိပ် ထုတ်ဝေတယ်။ ဒီအထိ ‘ကြီးပွားရေး မောင်လှ’၊ ‘ကြီးပွားရေး အယ်ဒီတာ မောင်လှ’ ကလောင်တွေကိုပဲ သုံးခဲ့တယ်။

လူထုဂျာနယ် ၁၅ ရက် တကြိမ်ထုတ်ကို ၁၉၄၅ မှာ စထုတ်ပြီး လူထုသတင်းစာကိုတော့ ၁၉ ဧပြီ ၁၉၄၆ မှာ စတင်ထုတ်ဝေလိုက်တဲ့အခါ “လူထုဦးလှ” ကလောင်အမည် တွင်လာခဲ့တယ်။ ၁၉၅၁-၅၂ မှာ လူထုဂျာနယ်နဲ့ သတင်းစာကို ပူးတွဲ ထုတ်ဝေခဲ့တယ်။ အဲဒီကစ သတင်းစာ ဂျာနယ်လုပ်ငန်းကို ဇောက်ချ လုပ်ကိုင်ခဲ့တာဟာ ၇ ဇူလိုင် ၁၉၆၇ လူထုသတင်းစာ ရပ်ဆိုင်းသွားခဲ့တဲ့အထိပါ။ နောက်ပိုင်းလည်း လုံးချင်းစာအုပ်တွေ ဆက်တိုက် ရေးထုတ်ခဲ့တယ်။

ဦးလှရဲ့ စာပေနဲ့ လူထု လူတန်းစား အဖွဲ့အစည်းတွေမှာ ပါဝင်ခဲ့တာတွေကတော့ စာရေးဆရာအသင်း အမှုဆောင် (၁၉၃၇) မန္တလေး အာဇာနည် ၁၇ ဦး ဈာပန စာရေးဆရာအသင်း ကိုယ်စားလှယ် (၁၉၃၈)၊ ဂျပန်ခေတ် စာရေးဆရာအသင်း အဝေးရောက်အမှုဆောင်၊ အာရှ လူငယ်အသင်း ခရိုင်ဥက္ကဋ္ဌ (၁၉၄၃)၊ အထက်မြန်မာနိုင်ငံ ဖဆပလ အဖွဲ့ ဝါဒဖြန့်ချိရေးမှူး (၁၉၄၅)၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ (၁၉၄၇)၊ ဗထူး အားကစားကွင်း ဒုတိယဥက္ကဋ္ဌ (၁၉၅၀) တာဝန်တွေ ဖြစ်ပါတယ်။ ဂျပန်ခေတ် အာရှလူငယ်အသင်း ခရိုင်ဥက္ကဋ္ဌ လုပ်တာကြောင့် ၁၉၄၅ ခုနှစ်က ဗြိတိသျှနယ်ချဲ့ရဲ့ အဖမ်းခံရတာ အပါအဝင် ဖဆပလခေတ်၊ မဆလခေတ် အဆက်ဆက် ၅ ကြိမ်တိတိ ဖမ်းဆီးခံခဲ့ရတယ်။ ၁၉၈၂ ခု ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈:၁၅ မန္တလေးမှာ လူထုဦးလှ ကွယ်လွန်ခဲ့တာ အခုဆိုရင် ၄၃ နှစ် ရှိပါပြီ။

သတင်းစာနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ၁၉၅၂ မှာ ဆိုဗီယက်၊ တရုတ်၊ ချက်၊ အရှေ့ဂျာမနီ၊ ၁၉၅၇ မှာ သီရိလင်္ကာ၊ ၁၉၆၀ က အင်္ဂလန်၊ ပြင်သစ်နဲ့ အနောက်ဂျာမနီ၊ ဂျပန်၊ ၁၉၆၂ က အင်ဒိုနီးရှားနိုင်ငံတွေဆီ သွားခဲ့တယ်။

လူထုဦးလှ ရခဲ့တဲ့ စာပေဆုတွေ

ထောင်နှင့် လူသားစာအုပ်နဲ့ ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆု၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ စာအုပ်နဲ့ ၁၉၅၈ ခုနှစ် ယူနက်စကို စီးပွားရေး လူမှုရေး ဆိုင်ရာဆု၊ ရခိုင် ကျေးလက်ပုံပြင်များ စာအုပ်နဲ့ ၁၉၆၃ ခုနှစ် စာပေဗိမာန် အနုပညာ စာပေဆုရဲ့ ကလေးသူငယ်ဆိုင်ရာ စာပေ ဒုတိယဆုတွေ ရရှိခဲ့ပါတယ်။

ဦးလှရဲ့ ထင်ရှားတဲ့ စာပေလက်ရာတွေ

ဆိုဗီယက် ရုရှား (၁၉၃၈)၊

ထိပ်ဆုံးသို့ (၁၉၄၀)၊

ရွှံ့နှင့် စစ်သား (၁၉၄၂)၊

ပန်းနှင့် စစ်သား (၁၉၄၂)

လေနှင့် အတူ (၁၉၅၇)၊

ထောင်နှင့် လူသား (၁၉၅၇)၊

လှောင်ချိုင့်ထဲမှ ငှက်ငယ်များ (၁၉၅၈)၊

အားလုံး ကောင်းကြရဲ့လား (၁၉၅၉)၊

စစ်၊ အချစ်နှင့် ထောင် (၁၉၆၀)၊

စစ်ပြီးစက ထောင်တံခါး (၁၉၆၈)

ကရင်ပုံပြင်များ (၁၉၆၂ - ၆၆)၊

ရခိုင် ကျေးလက် ပုံပြင်များ (၁၉၆၃ - ၆၈)၊

မွန် ပုံပြင်များ (၁၉၆၄ - ၆၈)၊

မြန်မာ ပုံပြင်များ (၁၉၆၅ - ၆၈)၊

လီဆူး ပုံပြင်များ (၁၉၆၈)၊

ရဝမ် ပုံပြင်များ (၁၉၇၀)၊

လိုင်းနောင် နာဂ ပုံပြင်များ (၁၉၇၁)

ဂျပန်ပြည် တခေါက် (၁၉၆၂)၊

အင်ဒိုနီးရှား အနောက်မှ အရှေ့သို့ (၁၉၆၃)၊

နာဂ တောင်တန်း တစေ့တစောင်း (၁၉၆၇)

သတင်းစာများသည် သမိုင်းကို ပြောနေကြသည် (၁၉၆၃)၊

သတင်းစာများ ပြောပြတဲ့ စစ်တွင်း မြန်မာပြည် [လေးတွဲ] (၁၉၆၈)၊

သတင်းစာများ ပြောပြတဲ့ စစ်ပြီးစ မြန်မာပြည် [ပထမတွဲ] (၁၉၆၉)

ကျွန်တော် ဗြူရိုကရက် (၁၉၇၀)၊

ကျွန်တော် စတီးပွဲစား (၁၉၇၀)၊

ကျွန်တော် သတင်းထောက် (၁၉၇၁)၊

ကျွန်တော် မြင်းသမား (၁၉၇၂)

၁၉၈၂ မှာ လူထုဦးလှ ဆုံးတော့ ၇၂ နှစ်အရွယ်ပါ။ အဲဒီမှာ သူ ရေးခဲ့၊ ထုတ်ခဲ့တဲ့ စာအုပ်အရေအတွက်က ၉ဝ။ ပုံပြင်ချည်းသက်သက် ၅၃ အုပ် ဖြစ်ပါတယ်။ ၁၉၅၃ မှာ လူထုဦးလှ အဖမ်းခံရပြီး အင်းစိန်ထောင် အပို့ခံရတယ်။ အဲဒီအချိန် အပြင်မှာကျန်ခဲ့တဲ့ ကလေးတွေ ငယ်သေးတာကြောင့် ပုံပြင်နားထောင်ချင်တဲ့ အရွယ်တွေ ဖြစ်ပေမဲ့လည်း ရန်ကုန်ထောင်ထဲမှာ ရောက်နေတဲ့ သူ့အဖို့ မန္တလေးမှာ ကျန်ခဲ့တဲ့ ကလေးတွေနဲ့ တနှစ်မှ တယောက်တလေသာ တွေ့ရပြီး ထောင်သက်သုံးနှစ်ကျော်မှာ သားသမီးတွေကို တကြိမ်စီသာ တွေ့ရတယ်လို့ ဆိုပါတယ်။ ထောင်ထဲကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့သူတွေဆီကနေ သူတို့ငယ်ငယ်က မှတ်သား ကြားနာခဲ့မိသမျှ ပုံပြင်တွေကို ပြောပြစေပြီး စာရေးခွင့်သာတိုင်း ကလေးတွေဆီကို ထည့်ထည့်ပေးလိုက်ပါတယ်။ ဒါကြောင့် လူထုဦးလှရဲ့ ‘ဇနီးနှင့် သားသမီးများသို့ ထောင်တွင်းပေးစာများ’ စာအုပ်မှာ တိုင်းရင်းသားပုံပြင်တွေနဲ့ တောဓလေ့သီချင်းတွေ ပါတယ်လို့ ဖော်ပြထားပါတယ်။

ပြောဖို့ကျန်ခဲ့တာက လူထုဦးလှဟာ အာဏာရှင် အရှင်မထွက်ဘူးလို့ ပြောခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ခင်ပွန်းပါ။ စာရေးဆရာ ညီပုလေးနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ရဲဘော်ဖိုးသံချောင်းတို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ လူထုဦးလှနဲ့ ဇနီး လူထုဒေါ်အမာတို့ နှစ်ဦးမှာ ဒေါ်အမာက နိုင်ငံရေးစာပေတွေကို ပိုပြီး ပြင်းပြင်းထန်ထန် ရေးပါတယ်။ လူထုဦးလှကတော့ စာပေနဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံ စာပေတွေဘက်ကို ပိုကဲရေးသားပြီး ပိုသိမ်မွေ့လွန်းတဲ့ အတွေးအမြင်တွေ ပိုပါတဲ့သဘော ရှိပါတယ်။ တခါကဆိုရင် စာရေးဆရာ ဗန်းမော်တင်အောင်သား ဦးကျော်ဇောအောင်ကို အမေလူထုဒေါ်အမာက ကျော်ဇောအောင်ကို “မင်းက ဗန်းမော်တင်အောင်သား မကလို့ ဘယ်လိုလူရဲ့သား ဖြစ်နေပါစေ၊ ဒီအရေးတော်ပုံကြီးမှာ မပါဝင်ဘူး ဆိုရင် မင်းဟာ ဒိုက်သရောအဖြစ် ကမ်းတင်ကျန်ရစ်ခဲ့မှာပဲ..” လို့ ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒီစကားကြားရတော့ ဗိုလ်ချုပ်အောင်ဆန်း သားသမီး ဖြစ်နေပါစေ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ မပါဝင်ဘူးဆိုရင် ဒိုက်သရောအဖြစ် ကမ်းတင်ကျန်ရစ်ခဲ့မှာပဲလို့ တွေးမိပါတယ်။ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ဥပမာပါပဲ။ ဒေါ်အမာကတော့ ပြတ်ပြတ်သားသား ရဲရဲတောက်စကားတွေ ပြောခဲ့ပေမဲ့ ဦးလှကတော့ သူ့ကိုထောင်ချခဲ့သူ ဦးနုကို ခွင့်လွှတ်ခဲ့ကြောင်း ပြောခဲ့သူပါ။ ဆရာကြီး မောင်စွမ်းရည်ကတော့ ‘ဂျာနယ်ကျော်’ ကို ဦးချစ်မောင်က တဦးတည်း စွန့်စားထုတ်ဝေတဲ့အခါ အမျိုးသမီး ကလောင်ရှင် ဂျာနယ်ကျော်မမလေးကို မွေးထုတ်နိုင်ခဲ့သလို ဦးလှရဲ့ ကြီးပွားရေးမဂ္ဂဇင်းကလည်း ‘အင်းလျားဆောင်သူ မအမာ’ ကို မွေးထုတ်နိုင်ခဲ့ပါတယ်တဲ့။ ဦးလေး လူထုဦးလှ ပြောလေ့ရှိတာကတော့ ‘ဆံထုံးနောက်သျှောင်ပါ’ တဲ့။ အောက်သား မောင်လှဟာ အညာသူ မအမာရဲ့ နောက်ကို ပါသွားပြီး မန္တလေးကို ရောက်သွားရာက လူထုဂျာနယ်နဲ့ လူထုသတင်းစာကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာတောင် မရပ်နားဘဲ ထုတ်ဝေခဲ့ပါတယ်တဲ့။ ဒါက ဦးလှနဲ့ ဒေါ်အမာတို့ အကြောင်း မောင်စွမ်းရည် ရေးသားခဲ့တာပါ။ ဦးလှကို မယားပါ မန္တလေးသားလို့လည်း ပြောတတ်ကြပါရဲ့။

လူထုဦးလှ ကွယ်လွန်ခဲ့တာ ၄၃ နှစ်ရှိပြီ။ အလားတူ သူ့ကို မွေးဖွားခဲ့တာလည်း ၁၁၅ နှစ် ရှိပါပြီ။ ၂၀၁၀ ခုနှစ်က ဦးလှ ရာပြည့်ပွဲ ကျင်းပခဲ့ကြပါသေးတယ်။ လူထုဦးလှရဲ့ ဂုဏ်ပုဒ်တွေကို တတ်နိုင်သမျှ စဉ်းစားကြည့်ရရင်တော့ ကိုယ်တိုင်က စာပေနဲ့ တိုးတက်ကြီးပွားအောင် ပြုလုပ်ခဲ့သူ။ ကလေးသူငယ် လူလတ်လူကြီး အလွှာအားလုံးအတွက်လည်း စာပေအရောင် ထွန်းညှိပေးခဲ့သူ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး စစ်ကိုင်းဦးဖိုးသင်း စသဖြင့် စာဆိုတော်ကြီးတွေကို လေးစား တန်ဖိုးထား အားကိုး စောင့်ရှောက်ခဲ့သူ၊ မျိုးဆက်သစ် စာပေ ကဗျာ ကာတွန်းဆရာတွေကို ရှာဖွေ ပြုစု ပျိုးထောင် ချစ်ခင်စွာ မွေးထုတ်ပေးခဲ့သူဟာ လူထုဦးလှပါပဲ။ ဦးလှဟာ စာရေးတာ နူးညံ့သိမ်မွေ့တယ် ဆိုပေမဲ့ ပြတ်သား ရဲရင့်သူပါ။ အမှန်တရား စာပေတွေကို ရေးရဲသူ၊ ထုတ်ဝေရဲသူပါ။ ရှာကြည့်သလောက်တော့ ဦးလှရဲ့ “လူတလုံး” စာအုပ်ဟာ အရေးယူခံခဲ့ရပါတယ်။ ဦးလှကို အကြိုက်ဆုံးကတော့ သတင်းမှန်တွေကို ရဲရဲဝံ့ဝံ့ သူ့သတင်းစာ ဂျာနယ်တွေမှာ ဖော်ပြပေးရဲတာပါပဲ။ ထောင်အကျခံပြီးတော့တောင် သတင်းမှန် ဖော်ပြရဲခဲ့သူပေါ့။ လူထုဦးလှလို နည်းတူ မျိုးဆက်သစ် သတင်းသမားတွေလည်း ခေတ်အဆက်ဆက်နဲ့ နွေဦးတော်လှန်ရေးမှာ ရဲရင့်ပြတ်သားနေကြပါပြီ။ အာဏာသိမ်း စစ်ကောင်စီရဲ့ ရက်စက်မှုတွေကြားမှာပဲ အဖမ်းခံ၊ ထောင်ကျခံ၊ အသေခံပြီး ကြိုးစားခဲ့ကြတဲ့ သတင်းသမားတွေကို ဒီစာရေးရင်း အလေးပြုလိုက်ပါတယ်။ ဝန်ကြီးချုပ်ကတောင် ဝန်ချ တောင်းပန်ရပါတဲ့ သတင်းသမားကြီး စာရေးဆရာကြီး အယ်ဒီတာကြီး လုထုဦးလှကိုလည်း ဩဂုတ် ၇ ရက် သူကွယ်လွန်တဲ့ ၄၃ နှစ်ပြည့်မှာ လွမ်းဆွတ် တသ အလေးပြုလိုက်ပါတယ်။ ။

လူထုဦးလှ ကွယ်လွန် ၄၃ နှစ်

လူထုဦးလှ

သမိုင်းလှ၍

စာလှများစွာ ရေးခဲ့သည်။

လူပုံခန့်လှ

ဦးလေးလှ ဟု

တူလှတွေကခေါ်ကြသည်။

စာရေးတော်လှ

စာပေလှဖို့

ဦးလှထောင်ကျခံခဲ့သည်။

သတင်းစာလှ

စာအုပ်လှများ

ဦးလှစီစဉ်ထုတ်ခဲ့သည်။

ကျေးဇူးကြီးလှ

လူထုလှ၏

ဘဝနိဂုံး လေးဆယ့်သုံးနှစ်ရှိခဲ့ပြီ။ ။

ကိုးကား

မျိုးသန့်ထွန်း (စစ်ကိုင်း) - ဦးနုရဲ့ ပြည်ထောင်စုလမ်းသွယ် ဆောင်းပါးထဲက လူထုဦးလှ (မိုးမခ) ဩဂုတ် ၁၁ ၊ ၂၀၂၄

ရာပြည့် ဦးစိုးညွန့် (ဇူလိုင် ၂၀၀၅)။ ၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀ အတ္ထုပ္ပတ္တိ အကျဉ်း။

ဇာနည် - လူထုချစ်သမျှ လူထုဦးလှ (မိုးမခ) ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၃

မောင်စွမ်းရည် - ဦးလေးလူထုဦးလှနဲ့ သူ့ရဲ့ တူ သား စာပေရဲဘော်များ (မိုးမခ) ဇွန် ၂၃ ၊ ၂၀၂၄

မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်။ ၁၉၈၃

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024