
အာဏာသိမ်းလျက်၊ ဖက်ဆစ်စစ်တပ်
ရိုက် နှက် သတ်ဆဲ၊ ငရဲအကျဉ်း
ထောင်အတွင်းမှာ၊ လက်မှတ်သာထိုး
လွှတ်ပေးမျိုးလည်း၊ မထိုးလက်မှတ်
သေအောင်သတ်လည်း၊ အသတ်သာခံ
မဖောက်ပြန်သော၊ ရန်ကြီးအောင်စိန်ဝင်း
မွေးဖွားခြင်းနှစ်၊ ကိုးဆယ်ဖြစ်ပြီ
နေဝင်သည်လည်း၊ ထိန်ဆဲရောင်ခြည်
သူ့ဂုဏ်ရည်အား၊ မျိုးဆက်များက
ဦးချ အလေးပြု ကြပါစို့ ။ ။
ရန်ကြီးအောင်စိန်ဝင်း (အမည်ရင်း ဦးစိန်ဝင်း) ကို ၁၉၃၅ ခုနှစ် ဇူလိုင် ၃၁ ရက်က မွေးဖွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်မှာ သူမွေးဖွားခဲ့တာ အနှစ် ၉၀ ရှိပါပြီ။ ဦးစိန်ဝင်းဟာ ငယ်စဉ် အထက်တန်းကျောင်းသား ဘဝကတည်းက ကျောင်းသားသမဂ္ဂခေါင်းဆောင် ဖြစ်ခဲ့ပြီး။ ၁၉၅၉ ခုနှစ် တကသ ဒုဥက္ကဋ္ဌ လည်းဖြစ်၊ ဗကသများအဖွဲ့ချုပ် အမှုဆောင်လည်း ဖြစ်ခဲ့တယ်။ ကျောင်းသား လှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့ပြီး ၁၉၆၉ ခုနှစ်မှာကိုကိုးကျွန်းကိုလည်း အပို့ခံခဲ့ရပါတယ်။ ကျွန်းပေါ်က ၅၈ ရက် အစာငတ်ခံတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး မသေရုံတမယ် မသန်စွမ်းသလို ဖြစ်သွားခဲ့တဲ့အထိ ကျောင်းသားအရေးကို အနစ်နာခံ တိုက်ပွဲဝင်ခဲ့သူပါ။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာလည်း ခေါင်းဆောင်ခဲ့တာကြောင့် နဝတ စစ်အစိုးရက သူ့ကို အငြိုးထား ဖမ်းဆီးခဲ့တယ်၊ ထောင်ထဲမှာ ဆေးကုမပေးခဲ့တာကြောင့် သူဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်က ကျဆုံးခဲ့ရတာပါ။ ရန်ကြီးအောင်စိန်ဝင်း သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဒီနေ့ဟာ အသက် ၉၀ ပြည့်နေ့ပါ။ ဒါကြောင့် ပြည်သူ့အတွက် အသက်ပေးသွားခဲ့တဲ့ ရန်ကြီးအောင်စိန်ဝင်းကို မွေးနေ့မှာ ဦးညွတ် အလေးပြုကြပါစို့။
ကိုကိုးကျွန်း
လေးတန်လေးဘက်၊
ရေပတ်လည်ဝိုင်း၊ ကျွန်းရိုင်းကလေး
ထွက်ပြေးစရာ၊ မရှိပါဘူး။
ဘယ်မှာကြည့်ကြည့်၊ မြင်သည့်အရာ
ရေချည့်ပါပဲ၊ ဗမာပြည်မ
ဆိုတာကလည်း၊ မှုန်ပြပြတောင်
မြင်ယောင်နိုင်တာ၊ မဟုတ်ပါဘူး
မိုင်ပေါင်းရာကျော်ဝေးပါတယ်။
ဒါတွေကြောင့်၊ စိတ်ဓာတ်ကျပြီး
နောင်တရမယ်ထင်သလား။
ဝေးပါသေးရဲ့ ၊ တေးတကြော်ကြော်
ကြွေးကြော်သံတွေ တအော်အော်နဲ့
ပျော်နေကြပုံတွေကို၊ ငတ်ကြပြတ်ကြ
ပင်ပန်းကြနဲ့၊ စိတ်ဓာတ်ကျမှာပဲ
ထင်တခွဲနဲ့၊ ပင်လယ်ထဲပို့လိုက်တဲ့
နေဝင်းတို့များမြင်ရင်၊ ထိုင်တောင်ငိုမလားပဲ။ ။
ရန်ကြီးအောင်စိန်ဝင်း
( ဧပြီ၊ ၃၀၊ ၁၉၆၉)
အထက်ပါကဗျာဟာ သူ ကိုကိုးကျွန်းမှာကျစဉ်က ရေးခဲ့တာပါ။ ဦးစိန်ဝင်းဟာ ဗန်းမော်တင်အောင်၊ မြသန်းတင့် စတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့အတူ ကျွန်းနဲ့ ထောင်တွေမှာ နေခဲ့ရတယ်။ ထောင်ကလွတ်ပြီးနောက် အဲ့ဒီစာရေးဆရာကြီးတွေလည်း သုံးခွက ဦးစိန်ဝင်းအိမ်ကို လာကြတယ်။ သူတို့ချင်း ဆက်သွယ်ကြပြီး ဦးစိန်ဝင်း စာပေတွေရေးသား ထုတ်တယ်ကြားပေမဲ့ ကလောင်အမည် ပြောင်းရေးတာမျိုးတွေကြောင့် သူ့စာပေရယ်လို တိတိကျကျ မဖတ်ခဲ့ရဘူးပါ။ ဒါပေမဲ့ ကိုကိုးကျွန်း ကဗျာတပုဒ်ကိုတော့ ရှားပါးကဗျာအဖြစ် တွေ့ခဲ့ရပါတယ်။ ကျောင်းသားခေါင်းဆောင် ပြည်သူ့ခေါင်းဆောင် ရန်ကြီးအောင်စိန်ဝင်းရဲ့ သမိုင်းခြေရာ တစပေါ့။
ရန်ငါပြတ်လျက်၊ ရန်သူ့လက်ကို
ဆွဲလက်မပြု၊ ရန်သူဟုသာ
သံသရာထိ မှတ်သွားသူ။ ။
၁၉၇၂ ခုနှစ် ဦးနေဝင်း မဆလအစိုးရလက်ထက် အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတဲ့ ခမ်းအနားမှာ အာဏာပိုင်တွေက အကျဉ်းသားတွေကို လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ ရန်ကြီးအောင်စိန်ဝင်းက လက်ကို နောက်ပစ်ထားလိုက်ပြီးတော့ "ကျုပ် ရန်သူနဲ့ ဘယ်တော့မှ လက်မဆွဲဘူး" လို့ ငြင်းပယ်ခဲ့ပါတယ်။ ဒီအကြောင်းကို ထောင်ဝန်ထမ်းတွေကရော၊ ဦးစိန်ဝင်းကိုယ်တိုင်ကရော ကျနော့်ကို ပြောပြခဲ့ဖူးပါတယ်။
ဦးစိန်ဝင်းက "ရန်သူဟာ မတရားလုပ်တယ်။ ပြည်သူတွေကိုသတ်တယ်။ သံဃာတွေကိုလည်း သတ်တယ်။ သူတို့ဟာ ပြည်သူ့ဆန့်ကျင်ရေး သမားတွေပဲ။ ကိုယ့်ကိုယ်လည်း နှိပ်စက်တာပဲ။ သတ်နေတာပဲ။ ဒါတွေ ခံစားနေရ သိနေရလျက်က ရန်သူနဲ့ လက်ဆွဲနှုတ်ဆက်ပြီး သွားပေါင်းရင်တော့ ဒါဟာ သစ္စာဖောက်ပဲ။ ငါလည်း သစ္စာမဖောက်ဘူး။ ဘယ်သူမှလည်း သစ္စာ မဖောက်သင့်ဘူး။ သစ္စာဖောက်သူတွေကိုလည်း ကျဉ်ထားရမယ်။" လို့ ပြောခဲ့ဖူးပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ လယ်ပြင်ဆင်သွားသလို ထင်ထင်ရှားရှား တွေ့လာနေရတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ သွားပေါင်းနေကြသူတွေကို ဦးစိန်ဝင်းသာရှိနေသေးရင် "သစ္စာဖောက် လောက်ကောင်တွေ" လို့ ပြောမှာပါ။
သစ္စာစကား
အို ...
သူငယ်ချင်းများ ...
မိတ်ဆွေများ ...
ရဲဘော်များ ...
ငါ ...ပန်းပွင့်နှလုံးသား ...
ပြုံးထားမျက်နှာ
နှုတ်လွှာချိုမြ
စမ်းလပမာနှယ်
ကြင်နာနုသက်
ကြာမုံလက်နှင့်
နှုတ်ဆက်ပါသည် ... ထာဝရ။
ဟေ့ ...
အဓမ္မသမား
ဝံပုလွေများ ...
သင်တို့အတွက်
ကျောက်သားမျက်နှာ
အသဲမှာသံမဏိ
အမုန်းပန်းအတိပြည့်
ထိကြည့်စမ်း ... မီးလိုနေလို
ဆိုမည် ... သစ္စာ
မကြိုငါ့လက် ... နှုတ်မဆက်ဘူး ထာဝရ။ ။
(ညံဇံ)
(၈. ၁. ၁၉၉၁ အင်းစိန်ဆေးရုံမှာကွယ်လွန်သူ ကိုစိန်ဝင်း(သုံးခွ) အတွက် အမှတ်တရ)
အထက်က ဦးစိန်ဝင်းအတွက် ကဗျာဟာ AAPP ထုတ် ၈ စက္ကန့်ငြိမ် စာအုပ်မှာ ပါပါတယ်။ ဒီကဗျာပါ စာသားတွေအတိုင်းပါပဲ။ ပြည်သူ ကျောင်းသားတွေနဲ့တွေ့ရင် သူ့မျက်နှာဟာ ကြည်လင်နေပါတယ်။ ရန်သူတွေ ရန်သူနဲ့ ပေါင်းသွားတဲ့ သစ္စာဖောက်တွေကို တွေ့ရင်တော့ သူ့မျက်နှာဟာ ကျောက်ပြင်လို တင်းနေပါတယ်။
စာရွက်ဘောပင်၊ ထောင်တွင်လာပေး
လက်မှတ်ရေးပါ၊ ရော့ယူပါဆို
စာရွက်ကိုဖြဲ၊ လုံးခြေဆဲတွင်
ထောင်ထဲဝင်ရိုက်၊ တိုက်ပိတ်လိုက်ပြန်
ရန်ကြီးအောင်စိန်ဝင်း၊ ပြတ်သားခြင်းကား
နှောင်းလူများတို့မှတ်သားဖွယ်ပါတကား။ ။
(၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလကို ထောက်ခံတယ်။
(၂) ကျောင်းသားလှုပ်ရှားမှု မလုပ်တော့ဘူး။
(၃) လုပ်ခဲ့သမျှ မှားပါတယ်။
သုံးချက် လက်မှတ်ထိုးရင် လွှတ်ပေးမယ်တဲ့။ ဦးစိန်ဝင်းက စာရွက်ကိုယူပြီး ဆုတ်ဖြဲလုံးခြေနေတုန်း စစ်ထောက်လှမ်းရေးတွေက ဝိုင်းရိုက်ကြတယ်။ တိုက်ပိတ်လိုက်ကြတယ်။ ဒါလည်း မဖြုံခဲ့။
နောက်ပိုင်းမှာ သူ့ကို ခွေးတွေနဲ့အတူ သွားထားတယ်တဲ့။ ခွေးကြီးတွေရဲ့ ပါးစပ်တွေကိုတော့ အစွပ်ကြီးတွေနဲ့ စွတ်ထားသတဲ့။ ခွေးတွေက ဦးစိန်ဝင်းကို လက်နဲ့လာပုတ်။ နှုတ်သီးနဲ့ထိုးပြီး တဂီးဂီးနဲ့ မန်ဖီနေသတဲ့။ ဒါတွေကို စိတ်ပျက် ကြောက်လန့်ပြီး အရှုံးပေး လက်မှတ်ထိုးအောင် လုပ်တာတဲ့။ ဦးစိန်ဝင်းက အဲ့သည်ခွေးကြီးတွေရဲ့ ပေါင်တွေကို ပါးစပ်နဲ့ တအားကိုက်ပစ်လိုက်တာတဲ့။ ခွေးကြီးတွေလည်း သူ့အနား မကပ်ရဲတော့ပဲ အခန်းထောင့်မှာ တဂိန်ဂိန်နဲ့ အော်နေကြတာတဲ့။ ရန်ကြီးအောင်စိန်ဝင်းဆိုတာ အဲ့သည်လိုလူပါ။
တခါကဆို ထောင်ထဲကို ခပ်ချောအမျိုးသမီး တယောက် ခေါ်လာသတဲ့။ ဒီအမျိုးသမီးက ရန်ကုန်တက္ကသိုလ်မှာ ဦးစိန်ဝင်းနဲ့ အတူတက်ခဲ့သူ ရည်းစား ချစ်သူပေါ့။ သူက နိုင်ငံခြားကလာတာပါ။ မဆလ ထောက်လှမ်းရေးက လေယာယာဉ်ခ အကုန်ခံပြီးတော့ သွားခေါ်လာတာ။ မိန်းမချောလေး မူယာမာယာက ထောင်ထဲထိ လာခေါ်ရင်တော့ ထောင်တွင်း နှိပ်စက်ခံနေရတဲ့ ခွပ်ဒေါင်းလေးက တန်းပြီး လိုက်သွားမယ် ထင်ခဲ့ကြသပေါ့။ လက်ထပ်ကြမယ်။ နိုင်ငံခြားကို တန်းထွက်ကြမယ်။ ပြည်ပမှာ အခြေချကြမယ်ပေါ့။ ဒါပေမဲ့ ခွပ်ဒေါင်းခေါင်းဆောင် သံမဏိ ကျောက်တိုင်ကြီးက ဘာပြောလွှတ်လိုက်တယ်မသိ အမျိုးသမီးချောကလေး အင်းစိန်ထောင်ထဲကနေ မျက်နှာလက်အုပ် ငိုပြီး ပြန်ထွက်ပြေးသွားသတဲ့။ ကျနော့်ကို အဲ့သည်အကြောင်း အဲ့သည်အချိန်က အတူထောင်ကျသူတွေ ထောင်ဝန်ထမ်းတွေက ပြန်ပြောပြခဲ့တာပါ။
သူရဲကောင်းကျောက်တိုင်
ရဲဘော်လိုလူ
ပြည်သူရဲ့ဘက်တော်သား
ဆုံးပါးတဲ့အတွက်
မျက်ရည်တစက်ကျမိတယ်။
ရဲဘော်ရဲ့ ရိုးဂုဏ်
ဖြောင့်မတ်တဲ့ဂုဏ်
ပြတ်သားစွာရပ်တည်တဲ့ဂုဏ်
ဒီဂုဏ်တွေဟာ
ရဲဘော်ရဲ့ကျောက်တိုင်ပမာ
စံနမူနာအဖြစ်
မော်ကွန်းသစ်တင်လိမ့်မယ်။
ရဲဘော်ရဲ့ဂုဏ်သိက္ခာဟာ
မြန်မာပြည်ရဲ့ အလင်္ကာ။
ရဲဘော်ရဲ့စိတ်ဓာတ်
မြင့်မြတ်ကြီးကျယ်မှုဟာ
မြန်မာပြည်ရဲ့ အလံတော်ပါပဲ။ ။
(သုံးခွကရဲဘော်ကြီး - ကိုစိန်ဝင်းသို့)
တင်မိုး
သူ ကွယ်လွန်တဲ့နေ့က ၁၉၉၁ ဇန်နဝါရီ ၈ ရက်ပေါ့။ သူကို ထောင်ဆေးရုံပို့စဉ်က တဦးတည်း လိုက်ပို့ခဲ့သူက ကဗျာဆရာကြီး တင်မိုးပါ။ ဦးစိန်ဝင်းက ဝမ်းကိုက်နေတယ်။ ဆေးကုမပေးတော့ သေလုပြီ။ ထောင်ထဲမသေအောင် ထောင်ပြင်ထုတ်ပြီး ကပ်လေးပေါ်တင်ပြီး ထောင်တခါးဝမှာ ချထားတယ်။ အဲ့သည်အတိုင်း ဆုံးရတော့မယ့်သဘောပဲ။ ကံကောင်းချင်တော့ ထောင်နားမှာနေတဲ့ ဆရာတင်မိုးနဲ့တွေ့ပြီး ထောင်ဆေးရုံ ရောက်ခွင့်ရသွားတာပါ။ ခွဲစိတ်ကုသခွင့်ရပြီး နောက်တမနက် ဆက်ရှင်ခွင့်ရပြီး ညီအစ်ကိုမောင်နှမ အားလုံးနဲ့ နောက်ဆုံး တွေ့ခွင့်ရခဲ့တယ်။ သူသေမှာသိနေပေမယ် မျက်နှာ တချက် မညှိုးဘူးတဲ့။ သူ့အစ်ကိုကြီး အစ်မကြီးတွေကို ကျနော် ကောင်းတယ်။ သက်သာတယ်လို့တောင် ခပ်တင်းတင်းပြောတာတဲ့။ သူတို့နှုတ်ဆက်ပြီး ထွက်လာလို့ ဆေးရုံဝပဲ ရောက်သေးတယ်။ သေပြီဆိုပြီး နောက်က လိုက်ခေါ်သတဲ့။ ယုံတောင် မယုံကြလို့ သွားလိုက်ကြည့်မှ ဆုံးသွားပြီဆိုတာ လက်ခံကြရတော့တယ်။ ဦးစိန်ဝင်းဟာ အဲသလိုလူစားပါ။ သူအသက်ထွက်လုဆဲဆဲ ဝေဒနာကို ဟန်ဆောင်ပြီး သူ့အစ်ကို အစ်မတွေကို သူ့နောက်ဆုံးအချိန်ကို မမြင်အောင် မခံစားရလေအောင် လုပ်ပြသွားတာပါ။ သူဟာ ဆန္ဒပြပွဲတွေမှာလည်း "စစ်တပ်က ပစ်ရင် ဝပ်မချကြနဲ့ နောက်ကို လှန်ပြီးလဲကြ။ သူတို့ရှေ့မှာဝပ်တွားပြီး ငါတို့ ကျောင်းသားတွေ မသေရဘူး။ ရန်သူရှေ့ ဒူးထောက် မသေကြနဲ့။" လို့ ပြောခဲ့သူပါ။
အခု ဇူလိုင် ၃၁ ရက်ဟာ ရန်ကြီးအောင်စိန်ဝင်း ၉၀ ပြည့် မွေးနေ့ပါ။ သူ့အကြောင်း ကြားသမျှ ဖတ်မှတ်သမျှနဲ့ သူနဲ့အိမ်နီးချင်းဖြစ်ခဲ့ဖူးသူနဲ့ အင်္ဂလိပ်စာသင်ယူကြရင်းက သူပြောသမျှကို ပြန်လည် ရေးသားလိုက်တာပါ။ သူဟာ ၇ ဇူလိုင် အရေးအခင်းရဲ့ မတိုင်မီ ခပ်စောစောထဲက သူ့ရည်းစားကိုလည်း တော်လှန်ရေးလုပ်မှာမို့ ချစ်သူဘဝက ကြိုတင်ရပ်စဲကြောင်း ဖြတ်စာ ရေးထားခဲ့ပြီးသားပါ။ သူ့ကို စစ်တပ်က သုံးခွမြို့နယ် ပါတီယူနစ် ဥက္ကဋ္ဌ ရာထူးပေးမယ်လို့လည်း စည်းရုံးခဲ့ဖူးပါတယ်။ သူ့အကြောင်း ဂုဏ်ပုဒ်ပေါင်းများစွာကတော့ ရေးပြလို့ ကုန်မယ်မထင်ပါ။ နောင်တော် တကသ ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ခေါင်းဆောင်ကြီး ရန်ကြီးအောင်စိန်ဝင် ၉၀ ပြည့် မွေးနေ့လက်ဆောင်အဖြစ် နွေဦးတော်လှန်ရေးကြီးမှာ ရန်သူကို ပြတ်သားစွာ အပြုတ်တိုက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။ ။
နောင်တော်ခေါင်းဆောင်
ရန်ကြီးအောင်စိန်ဝင်း
ပြတ်သားခြင်းသို့
ငါတို့တွေလည်း
နွေဦးပွဲမှာ
ဆင်နွှဲကြပါစို့။ ။
မောင်တူး