
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အခုသီတင်းပတ်အတွင်း အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ တွေ့နိုင်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က သြဂုတ် ၄ ရက်မှာ ပြောပါတယ်။
ကရင်မလင်ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က “မော်စကိုမှာ မစ္စတာဝစ်ကော့ဖ်ကို တွေ့ဖို့ ကျနော်တို့ အမြဲတမ်း ပျော်ရွှင်နေပါတယ်” လို့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဝစ်ကော့ဖ်နဲ့ အဆက်အသွယ်တွေရှိဖို့က အရေးကြီးပြီး အလွန်အသုံးဝင်တယ်လို့ ရုရှားအစိုးရက ရှုမြင်တယ်လို့လည်း ပဲ့စ်ကို့ဗ်က ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခကိုဖြေရှင်းဖို့ နည်းလမ်းရှာရာမှာ အမေရိကန်ရဲ့ ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းချက်တွေကို ချီးကျူးခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားအစိုးရက ကြာသပတေးနေ့ နောက်ဆုံးထားပြီး အပစ်အခတ်ရပ်စဲရေးကို သဘောမတူရင် ပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ အမေရိကန်သမ္မတက သတိပေးထားသလို အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ကလည်း ဗုဒ္ဓဟူး ဒါမှမဟုတ် ကြာသပတေးနေ့မှာ ရုရှားနိုင်ငံဆီ သွားနိုင်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
“ပိတ်ဆို့အရေးယူမှုတွေ ရှိလိမ့်မယ်၊ ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်တာ တော်တော်ကောင်းလိမ့်မယ်” လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Source: Reuters