
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ၈ လနီးပါး ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅,၀၆၆ ယောက် ရှိတယ်လို့ စစ်တပ်ဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် သေဆုံးသူ ၂၆ ယောက်ရှိပြီး မနှစ်ကထက် သေဆုံးသူ များလာတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးက ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်
မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာလည်း ရောဂါအဖြစ်များတယ်လို့ ဆိုပါတယ်။
ဒါဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသတွေက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စာရင်းသာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေတော့ မပါသေးပါဘူး။
၂၀၂၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံအနှံ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆,၄၀၀ ရှိခဲ့ပြီး သေဆုံးသူ ၁၅ ယောက် ရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကတဆင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး မိုးရာသီကာလ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ အဖြစ်များကြပါတယ်။
ကေခိုင်