
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ တိုက်ပွဲဆက်ဖြစ်နေပြီး လက်နက်ကြီးကျရောက်ပေါက်လို့ မိသားစုဝင် ၄ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်တပ်တွေဟာ ဩဂုတ် ၃ ရက် မနက်အစောပိုင်းကစလို့ တိုက်ပွဲဖြစ်နေချိန် ဆန်းကြွယ်ဖြတ်ခုံအပေါ်ကုန်းမှာ ည ၁၂ နာရီ ကျော်က လက်နက်ကြီးကျလို့ အိပ်နေတဲ့ မိသားစုဝင် ၄ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်ပါတယ်။
ဒေသခံတယောက်က “အခု ယူမာဘက်ခြမ်းက စစ်သားတွေကို KIA ဘက်က ပစ်နေတယ်လို့ ကြားတယ်။ စစ်တပ်ထိန်းထားတဲ့ ညောင်ပင်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ တချို့ကျတော့လည်း ဒရုန်းဗုံးကျတယ်လို့လည်း ပြောတယ်။ အဲဒီအိမ်ကလေ။ လက်နက်ကြီးကျ တာလား၊ ဒရုန်းဗုံးကျတာလား ဘယ်သူမှ မသိဘူးပေါ့နော်။ သွားကြည့်တာ သွေးအိုင်ထဲ မေ့မြောနေကြပြီ”လို့ ပြောပါတယ်။
လက်နက်ကြီးကျလို့ ပြင်းထန်ဒဏ်ရာရသွားသူတွေထဲမှာ ၁၆ နှစ်အောက် ကလေး ၃ ယောက်နဲ့ လူကြီးတယောက် ပါဝင်ပြီး ညတွင်းချင်း ဆေးရုံပို့ဆောင်ထားပြီး ခွဲစိတ်မယ့် အခြေအနေလို့ ဆိုပါတယ်။
အေးမြသာယာအပိုင်း ရှရော်ခရွာထိပ်က ညောင်ပင်ကုန်းမှာ KIA တပ်တွေ နေရာယူထားရာက ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီတပ်က ပြန်သိမ်းယူထားတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “ဥရုချောင်းဟိုဘက်ကမ်း မျောခြံမှာက အရင်က ဆိုင်းတောင်တိုက်ပွဲတုန်းက တပ်ဆုတ်ထားတဲ့ စကစတွေက မျောခြံမှာနေတာ။ အဲဒီမျောခြံကို KIA က ဝင်တိုက်တာ ညောင်ပင်ကုန်းကနေ လက်နက်ကြီး ပစ်ကူပေးနေတာ”လို့ ပြောပါတယ်။
ဇူလိုင် ၃၀ ရက်ကလည်း မနောကုန်းကို လက်နက်ကြီးကျလို့ အရပ်သား ၃ ယောက် ဒဏ်ရာရပြီး တယောက် သေဆုံးတယ်လို့ သိရပါတယ်။
ဒေသခံတယောက်ကလည်း “အသံတွေက စိပ်နေတာပဲ။ ဆိုင်းတောင်ကနေ ကြားနေရတာ။ မနေ့က တနေကုန်။ ဘယ်မှာတွေ ဘာတွေမှန်း သေချာမသိရဘူး။ ပြေးကြ ရှောင်ကြရဲ့။ ဒီနေ့အထိ ပစ်နေတုန်းပဲ”လို့ ပြောပါတယ်။
ဖားကန့်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေပြီး စစ်တပ်က ဖားကန့် အဝင်လမ်းတွေကို ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။