
ကရင်နီပြည်၊ လွိုင်ကော်ထောင်မှာချုပ်နှောင်ခံနေရတဲ့ အကျဉ်းသားတွေအတွက် ထောင်ဝင်စာ ပေးခွင့်ရဖို့နဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးပိုင်းကူညီထောက်ပံ့ဖို့ ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး KPPA က သြဂုတ် ၃ ရက် ဒီနေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
လွိုင်ကော်ထောင်က အကျဉ်းသားတွေအတွက် ထောင်ဝင်စာပါဆယ်နဲ့ ဆေးဝါးတင်သွင်းခွင့်ကို ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်းကစလို့ပိတ်ထားတာ ၁ နှစ်နဲ့ ၉ လ ကျော်ရှိနေပြီး အကျဉ်းသားတွေ အာဟာရ ချို့တဲ့တာကြောင့် ကိုယ်ခန္ဓာချိနဲ့တာ၊ နာတာရှည်ဖျားနာတာ၊ ယားနာဖြစ်တာ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဖြစ်တာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
KPPA ပြန်ကြားရေးတာဝန်ရှိသူက “အခုနောက်ပိုင်းဆိုရင် အမြင်မကြည်ရင် မကြည်သလိုမျိုး ရိုက်နှက်တယ်။ ပြီးတော့ လူအများရှေ့မှာ ပါးရိုက်တာတို့ အဲလိုတွေလုပ်နေတာလို့ ကြားရတယ်။ ထောင်ဝင်စာပေးလို့မရလို့ ပိုက်ဆံပို့လိုက်ရင် သူတို့(အကျဉ်းသား)ဆီကို မရောက်ဘဲနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက အကုန်လုံးစားသွားတာတို့၊ တသိန်းပို့ရင် သူတို့လက်ထဲ ၅ သောင်းပဲ ရောက်တာတို့ ပြန်ကြားရတယ်။ ထောင်ဝင်စာပိုက်ဆံ Kpay ကနေ ပို့တယ်ဆိုလည်း မရောက်ဘူး ဆိုတာတွေ ပြန်ကြားရတယ်။ အဲလိုတွေကို လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး လုပ်လာတယ်လို့ သိရတယ်။ ထောင်ဝင်စာပို့မရတာက ၁ လေးလုံးနောက်ပိုင်းကတည်းကပါ” လို့ ပြောပါတယ်။
ထောင်တာဝန်ရှိသူတွေအနေနဲ့ လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့် တရားဝင်ဖွင့်ပေးဖို့၊ ဆေးဝါးနဲ့ ထောင်ဝင်စာရိက္ခာတွေကို အကျဉ်းသားဆီ အပြည့်အဝပေးဖို့၊ အရေးပေါ်နဲ့ နာတာရှည်လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံမှာကုသခွင့်ပေးဖို့၊ အကျဉ်းထောင်တွင်း ကျွေးမွေးဖို့လျာထားတဲ့ အစားအသောက်ပမာဏနဲ့ အသုံးအဆောင် ခံစားခွင့်ကို အပြည့်အဝ ပြန်ပေးဖို့၊ အကျဉ်းသားတွေအပေါ် ဥပဒေနဲ့မညီတဲ့ ရိုက်နှက်တာတွေ ရပ်တန့်ပြီး ကျူးလွန်သူကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး ထောင်တွင်း ဆေးဝါးလုံလုံလောက်လောက်ထားရှိဖို့၊ ထောင်တွင်း ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်ဖို့၊ အရေးပေါ်အခြေအနေမှာ ငွေကြေးမတတ်နိုင်တဲ့ အကျဉ်းသားတွေအတွက် ဖမ်းဆီးထားသူတွေက ကုန်ကျစရိတ်ပေးဖို့နဲ့ အကျဉ်းသူအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ လိမ်လည်ပြီး ငွေကြေးတောင်းခံတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို စိစစ်ဖော်ထုတ်အရေးယူဖို့ကိုလည်း တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ရှိနေပြီး အကျဉ်းထောင်တွင်း ဖိနှိပ်ရိုက်နှက်တာ၊ ဆေးဝါးကုသခွင့်မရတာ၊ ထောင်ဝင်စာပေးပို့ခွင့်မရတာ၊ အရေးပေါ်ဆေးကုသလို့မရတာတွေကိုလည်း ကြုံတွေ့နေရတယ်လို့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဆေးဝါးကုသခွင့် လုံလုံလောက်လောက်မရတာကြောင့် ၂၀၂၅ ခုနှစ်အတွင်း ထောင်ထဲမှာ ကျဆုံးကွယ်လွန်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ယောက်အထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။