
ရခိုင်ပြည်နယ်ကိုပို့မယ့် စိတ်ကြွဆေး ကျပ်သန်း ၃,၀၀၀ ဖိုးကို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC) ဩဂုတ် ၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၂၁ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ သတင်းပေးပို့ချက်အရ ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံနားမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း(ဒေသတန်ဖိုးငွေကျပ် သန်း ၃,၀၀၀ လောက်) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်ကနေ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ဆီကို စိတ်ကြွရူးသွပ်ဆေးပြားတွေ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်း နဲ့ ပူးပေါင်းပါဝင်သူ ခင်မောင်လွင် တို့ကို မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မြို့ပတ်လမ်းက အိမ်မှာဖမ်းမိပြီး ရန်ကုန်ကနေ ကြံခင်းကို ကားနဲ့သယ်သူ မြတ်မင်း ကို Canter Box ကား၊ Minicab ကားတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ကြံခင်းကနေ ပန်းတောင်းမြို့နယ်ကို ဆေးပြားတွေသယ်ခဲ့သူ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာ နေစိုးမင်း ရဲ့အိမ်ကနေ ဆေးပြားတွေသယ်ခဲ့တဲ့ Lifan ကားကိုလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေအရ အဲဒီဆေးပြားတွေကို ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို သယ်ဆောင် ရောင်းဝယ်သူ တင်အောင်မိုး ရဲ့ အစီအမံနဲ့ မင်းစည်သူ နဲ့ ဖိုးအေး တို့က ကျော်ကျော်ဝင်း ဆီကို ရန်ကုန်မှာ လွှဲအပ်ခဲ့ပြီး ကျော်ကျော်ဝင်းက ပန်းတောင်းမြို့နယ်နဲ့ မင်းတုန်းမြို့နယ်ကြား နယ်စပ်ကို တာဝန်ခံသယ်ဆောင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုကိုနိုင် နဲ့ မြတ်မင်း တို့ကတော့ ဆေးပြားတွေကို ရန်ကုန်မြို့မှာရှိတဲ့ ကိုကိုနိုင် ရဲ့အိမ်မှာ ခဏသိမ်းထားပြီး ရန်ကုန်ကနေ ကြံခင်းကို ကားနဲ့သယ်ပြီးနောက် ကြံခင်းကနေ ပန်းတောင်းကို စိုးမင်း နဲ့ ယာဉ်မောင်း တင့်ဆွေ တို့က ဆက်လက်သယ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပန်းတောင်းမြို့နယ်ကနေ ရဲနိုင် နဲ့ မိုးထိ တို့က ရခိုင်ပြည်နယ်ဆီကို ဆက်လက် သယ်ဆောင်တာဖြစ်ပြီး သူတို့ကို ဥပဒေအရ အရေးယူထားသလို ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ ဖော်ပြထားပါတယ်။