Home
မြန်မာသတင်း
ကပစ စက်ရုံများကို ကာကွယ်ရန် ပန်းတောင်းနယ်၌ စစ်သင်တန်း ဆက်တိုက်ပေးနေ
DVB
·
July 30, 2025

စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ပန်းတောင်းတပ်နယ်က ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) တွေကို ကာကွယ်ဖို့ တပ်နယ်မှူးနဲ့ ကပစ စက်ရုံမှူးတွေက ပြည်သူ့စစ်သင်တန်းတွေ ဆက်တိုက်ပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ကပစ စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် ပန်းတောင်းမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာ ၂၀ ကျော်က စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ခလရ ၉၂ တပ်ရင်းမှာ စစ်သင်တန်းပေးနေတာလို့ တောင်ဘွေဒေသခံတယောက်က ပြောပါတယ်။

“တောင်ဘွေအခြေစိုက် ခလရ ၉၂ ထဲမှာ သင်တန်းပေးနေတာ ကြာပြီ။ သင်တန်းအပတ်စဥ် တခုကို လူ ၁၀၀ ကနေ ၁၂၀ ကြားရှိတယ်။ အုပ်ချုပ်ရေးနဲ့ စစ်မှုထမ်းဟောင်းတွေကိုပေးတာ။ အခုဆို အပတ်စဥ် ၃ အထိရှိပြီ။”

ကပစ စက်ရုံတွေ လုံခြုံရေးအတွက် စစ်ကောင်စီတပ်အင်အားနဲ့ မလုံလောက်တာကြောင့် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပြီး စစ်သင်တန်းတွေပေးဖို့ ဧပြီလအတွင်းက ကက(ကြည်း)ရုံးက ညွှန်ကြားခဲ့ပြီး မေလအတွင်းမှာ သင်တန်းစပေးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ကပစ စက်ရုံတွေကို AA နဲ့ PDF တွေ အုံနဲ့ကျင်းနဲ့ တိုက်လာရင် အင်အားမရှိတာကြောင့် စစ်မှုထမ်းဟောင်းနဲ့ အုပ်ချုပ်ရေးဘက်က လူတွေစုပြီး သင်တန်းပေးပြီး ပြည်သူ့စစ်အဖွဲ့ထားဖို့ ၄ လပိုင်းက ညွှန်ကြားတာ။ ခလရ ၉၂ မှာ ၅ လပိုင်းက သင်တန်းစပေးတယ်။ လက်နက်ခဲယမ်းအတွက် ခယရ ၂ က တာဝန်ယူထားတာ”လို့ ပြောပါတယ်။

ပြည်သူ့စစ်သင်တန်းတွေကို ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်အောင်၊ ကပစ ၃ စက်ရုံမှူး ဗိုလ်မှူးကြီး မောင်စိုး၊ ကပစ ၆ ဗိုလ်မှူးကြီးတိုးလွင်က ဦးဆောင်ပြီး ခလရ ၉၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကိုကိုစိုးက သင်တန်းပေးကာ လက်နက်ခဲယမ်းအတွက် အမှတ် ၂ ခဲယမ်းမီးကျောက်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်မြင့်သိန်းက တာဝန်ယူထားပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်က တောင်ဘွေကျေးရွာအခြေစိုက် ခလရ ၉၂ တပ်ရင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင် ၁၀၀ ကျော်ကို တလကျော်ကြာ စစ်သင်တန်းပေးပြီးနောက် ပန်းတောင်းတပ်နယ်မှူး၊ ကပစ စက်ရုံမှူးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက စစ်သင်တန်း ဆင်းပေးခဲ့ပါတယ်။

ဒီလို သင်တန်းတွေ ဆက်တိုက်ပေးနေပေမဲ့ ကပစ စက်ရုံတွေမှာ ထွက်ပြေးသူတွေ၊ ခွင်မဲ့ပျက်ကွက်သူတွေ ရှိနေတာကြောင့် စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေနဲ့ ဖြည့်ဆည်းထားရပြီး ခံစစ်ပြင်ထားရတဲ့အတွက် စိုးရိမ်နေကြတဲ့ တပ်မိသားစုတွေလည်း ရှိပါတယ်။

ပန်းတောင်းတပ်နယ်ကို စစ်ကောင်စီက ဗိုလ်မှူးချုပ် ၃ ယောက်၊ ကပစ စက်ရုံမှူး ဗိုလ်မှူးကြီး ၅ ယောက်၊ ခလရ ၉၂ တပ်ရင်းနဲ့ ခယရ ၂ တပ်ရင်းတွေအပြင် တပ်မ ၇၇ လှုပ်ရှားတပ်ရင်းများပါ ပူးပေါင်း ခံစစ်ပြင်ထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024