
အဆိုတော်ချမ်းချမ်းရောင်းချတဲ့ ကုန်ပစ္စည်းကို ပြန်ရောင်းချပေးမှုနဲ့ ဖမ်းဆီးခံရသူတွေထဲက တယောက်ကို ထောင်ဒဏ်တသက်တကျွန်းချလိုက်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရထားတဲ့ အဆိုတော်ချမ်းချမ်းရောင်းရဲ့ ကုန်ပစ္စည်းကို ပြန်လည်ရောင်းချပေးလို့ဆိုပြီး ရန်ကုန်မြို့နေ ကိုဘုန်းမြင့်အောင်ဆိုသူကို ဇူလိုင် ၃၁ ရက်မှာ ထောင်ဒဏ် တသက်တကျွန်းချလိုက်တာလို့ ဆိုပါတယ်။
အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “ချမ်းချမ်းနဲ့ပတ်သက်ပြီး ဖမ်းခံရတဲ့ နှစ်ယောက်ထဲက ရန်ကုန်က တယောက်ကို စစ်ခုံရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀/ည နဲ့ ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်တယ်” လို့ DVB ကိုပြောပါတယ်။
၅၀/ည ပုဒ်မဟာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး တသက်တကျွန်း ချမှတ်နိုင်တာဖြစ်ပါတယ်။
အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်ရောင်းချပေးလို့ဆိုပြီး ရန်ကုန်က ကိုဘုန်းမြင့်အောင်နဲ့ မန္တလေးက မဖြူဖြူနှင်းတို့ကို ဧပြီလနဲ့ မေလမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး မဖြူဖြူနှင်းရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “အဲဒီတုန်းက တခြားအနုပညာရှင်တွေလည်း ဖမ်းခံရတယ်။ သူတို့က ညှိနှိုင်းပြီးတော့ ပြန်လွတ်လာတာ။ အခုနှစ်ယောက်ကိုပဲ စံပြလုပ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပန်ဆယ်လို၊ အိုင်းရင်း၊ ဇွန်နီလာဌေး၊ အောင်သော်၊ ချမ်းမြမြသော်၊ သင်းသင်းနွယ်၊ CDM ဆရာမ ခိုင်စုလွင်၊ ဒါရိုက်တာကိုပေါက်ရဲ့ ဇနီး ထက်နီနီသန်း စတဲ့ စစ်ကောင်စီဆန့်ကျင်သူတွေနဲ့ ချိတ်ဆက် အွန်လိုင်းဈေးရောင်းတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။