Home
အနုပညာ
ချမ်းချမ်း သီဆိုသည့် တက္ကသိုလ်အမှတ်တရ “ခွဲခွာရမည့်နွေရက်များ”သီချင်း(ရုပ်သံ)
DVB
·
October 17, 2020
Chan Chan
ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသနေပြီး ခုတပတ်ရဲ့ ဖျော်ဖြေပွဲအ မှတ်စဉ်-၁ မှာတော့ တေးသံရှင် ချမ်းချမ်းက တက္ကသိုလ်အမှတ်တရ သီချင်းတပုဒ်နဲ့ ဖျော်ဖြေသွားခဲ့ပါတယ်။ သူသီဆိုသွားတဲ့ “ခွဲခွာရမည့်နွေရက်များ” အမည်ရတဲ့ သီချင်းကိုတော့ ဝါရင့်တေးသံရှင် အယ်လ်ခွန်းရီက ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။ ခုတခါ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့တဲ့ ချမ်းချမ်းရဲ့ သီဆိုမှုဟာလည်း ပုံစံတမျိုးနဲ့ ထူးခြားနေခဲ့တာကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “ကျောင်ကြီးပိတ်ဖို့ နီးပြီလေ… ဒီနွေရာသီ… တပေါင်းလရောက်လာလို့ လာပြန်ပေါ့လေ… ဟန်ဆောင်ကာနေလည်း… ဝေဒနာဆ,ကဲ… ခွဲရမှာကြောက်တယ်… တယောက်နဲ့တယောက် အနေဝေးရင်သာ… အို… တကယ်လို့များ မသိခဲ့ဘူးတဲ့သူလို နေမလားလေ… ကြင်နာသူရေ အချိန်တွေကြာရင်… မှတ်မိနိုင်ပါ့မလား” အသက် ၃၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ချမ်းချမ်းဟာ မော်ဒယ်တယောက်လည်းဖြစ်ပြီး The Best Of Melody World 2007 သီချင်းဆိုပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ First Runner Up ဆုကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင်သီချင်းဖြစ်တဲ့ “သီချင်း လက်ဆောင်” သီချင်းဟာ သူ့ကို ပရိသတ်တွေ တခဲနက်လက်ခံအားပေးမှုရရှိခဲ့တဲ့ သီချင်း တပုဒ်ဖြစ်လာခဲ့တာပါ။ လက်ရှိအချိန်ထိ ချမ်းချမ်းဟာ တကယ်ဆိုရင်အချစ်ပဲလိုတယ်၊ သိပ်ချစ်တယ် အရမ်းမုန်းတယ်၊ အိပ်မက်၊ သို့… ချစ်နေတုန်းပဲ စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး အတွဲသီချင်း ခွေပေါင်းများစွာမှာလည်း ပါဝင်သီဆိုထားခဲ့ကာ ပရိ သတ်အားပေးမှုရှိနေသူတဦးဖြစ်ပါတယ်။ “မတွေ့ကြပေမယ့် မမေ့နဲ့နော်… တို့ရဲ့ပျော်စရာ အချိန်တွေကို… စဉ်းစားတွေး တောကာလေ ကြည့်လိုက်ပေါ့… မကြာခင်မှာ ပြန်လည်ဆုံတွေ့ကြစို့နော်… မျှော်ကာ စောင့်စား ပျော်စရာရက်များ… ချိုးလက် ရေနေမယ်” ဒီဂီတဖျော်ဖြေပွဲမှာတော့ တေးသီချင်းအပုဒ် ၁၀၀ ကို အပတ်စဉ်သောကြာနေ့ည သတင်းအပြီး ည ၉ နာရီအချိန်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ကာ မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပထမသီတင်းပတ်အနေနဲ့ ဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊အောင်နိုင်၊ ဟေမာနေဝင်းတို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦး စတဲ့ တေးသံရှင်တွေက တက္ကသိုလ်ဖွဲ့ အမှတ်တရ သီချင်းတွေနဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013