
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကို စစ်ဘက်ရာထူးတာဝန်တွေကနေ အနားပေးလိုက်ပါတယ်။
ဇူလိုင် ၃၁ ရက်က အသစ်ဖွဲ့လိုက်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်မှာ အနာဂတ် တပ်ချုပ်လောင်းအဖြစ် နာမည်ကြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ကို စစ်ဘက်က တာဝန်ကနေအနားပေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အမှုဆောင်ချုပ်ရာထူးပေးပြီး နှစ်သိမ့်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက ဗိုလ်ချုပ်ကြီးရာထူးတိုးပေးခဲ့တဲ့ ၄ ယောက်ထဲမှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကို စစ်ဘက်မှာ ဆက်ထားပြီး ဗိုလ်ချုပ်ကြီးညိုစောနဲ့ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ကိုတော့ အရပ်ဘက်တာဝန်တွေ ပေးလိုက်တာပါ။
လာမယ့်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးတွေကို တာဝန်ကနေ အနားပေးပြီး ဝင်ပြိုင်ခိုင်းဖို့ ဇူလိုင် လအတွင်းက သတင်းများထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့ မိုးအောင်ကို အများကထင်ခဲ့ တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။
"အများက ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်က ပြုတ်မယ်ထင်တာ၊ တကယ် တမ်းကျတော့ မထင်ထားတဲ့သူတွေ ဖြုတ်လိုက်တာ၊ အခု ကာချုပ်အဖြစ် ရေပန်းစားနေတာ ဗိုလ်ချုပ်ကြီးကျော်စွာလင်း။”
၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး မြို့တွေအကုန်သိမ်းခံရတာကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်မှာ အရပ်ဘက်ရောက်သွားတဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုတော့ အလုပ်မရှိတဲ့ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အလားတူ ကာကွယ်ရေးဝန်ကြီးကနေ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကိုလည်း စစ်ဘက်တာဝန်ကနေ အနားပေးကာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှာပဲ ပြည်ထောင်စုဝန်ကြီး အဖြစ် ဆက်ထားပါတယ်။
ဒါအပြင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ကနေ သမ္မတရုံးဝန်ကြီး ၄ ဝန်ကြီးဖြစ်သွားတဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်ကိုလည်း ရာထူးကနေ အနားပေးလိုက်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးကနေ ဒုဗိုလ်ချုပ်ကြီးရာထူးတိုးမြင့်ပြီး စစ်ရေးချုပ်ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦးကိုလည်း တာဝန်ကနေအနားပေးပြီး ရာထူးဝန် ဥက္ကဋ္ဌ နေရာကို ပြောင်းလိုက်ပါတယ်။
လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများညွှန်ကြားရေးမှူးရုံးက ဗိုလ်ချုပ်ထင်ကျော်သူကိုလည်း တာဝန်ကနေအနားပေးကာ သမ္မရုံးဝန်ကြီး ၃ ရုံး ဒုဝန်ကြီးအဖြစ်ခန့်ထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေအပါအဝင် အဆင့်မြင့် တာဝန်ရှိသူတွေကို စစ်ဘက်ရာထူးကနေဖြုတ်ပစ်နေပေမဲ့ ကိုယ်တိုင်ကတော့ ကာကွယ်ရေးဦးစီးချုပ် တာဝန်ရော၊ ယာယီသမ္မတ တာဝန်သာမက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ဆက်ယူထားပါတယ်။