
အာဂျင်တီးနားနိုင်ငံမှာ မသန့်တဲ့ ဘက်တီးရီးယားတွေ ပါဝင်နေတဲ့ ဆေးဘက်သုံး ဖန်တနဲလ် ဆေးဝါးနဲ့ ကုသခံပြီးနောက်မှာ သေဆုံးသွားရတဲ့ လူနာ ၅၄ ယောက်ရဲ့ မိသားစုတွေဟာ တရားမျှတမှုကို တောင်းဆိုဖို့အတွက် ဇူလိုင် ၃၁ ရက်က မြို့တော် ဗျူနိုအေးရိစ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက သေဆုံးသူ ၅၄ ယောက်ထဲက ၁၈ ယောက်ဟာ ဆေးကုသမှုခံယူခဲ့တဲ့ အီတာလီယာနိုဆေးရုံကို ချီတက်ခဲ့ကြတယ်လို့ အာဂျင်တီးနား မီဒီယာ လာနာစီယွန်းက ဖော်ပြပါတယ်။
ဆန္ဒပြသူတွေဟာ သူတို့ဆွေမျိုးတွေရဲ့ ဓာတ်ပုံတွေနဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပါတယ်။
မသန့်တဲ့ ဘက်တီးရီးယားတွေ ပါဝင်နေတဲ့ ဖန်တနဲလ်ဆေးဝါးနဲ့ ကုသခံရပြီးနောက်မှာ သေဆုံးသွားတဲ့ လူနာ ဒန်နီယယ် အိုဗီဒိုရဲ့ မိခင်ဖြစ်သူက “သူတို့မှာ စာမျက်နှာ ၆၀၄ မျက်နှာပါ ဆေးမှတ်တမ်းတခုရှိပြီး စာမျက်နှာတိုင်းမှာ ဖန်တနဲလ်ကို ရှာတွေ့ထားတယ်။ သားဖြစ်သူကို မီးသင်္ဂြိုဟ်ခဲ့ပေမဲ့ ဖန်တနဲလ်ကြောင့် သေဆုံးကြောင်း သက်သေပြနိုင်ပါတယ်။ ဆေးရုံက ဖန်တနဲလ် ပြဿနာကို ရှင်းပြဖို့ လုံးဝ ခေါ်မတွေ့ခဲ့ဘူး” လို့ ပြောပါတယ်။
သေဆုံးသူ လီယွန်နယ် ယာလာရဲ့ မိခင် လီလီနာ ပါရယ်လ်တာ ကလည်း ရှေ့နေပါဝါနဲ့ ကျွမ်းကျင်သူတွေဆီက အကူအညီတွေကနေတဆင့် သူ့သား ကုသခံရတဲ့ ဆေးဝါးအတွဲတွေကို ရရှိခဲ့ပြီး အဲဒီဆေးတွေက ဘက်တီးရီးယားတွေ ပါနေတဲ့ ဆေးဝါးတွေပဲလို့လည်း ဆိုပါတယ်။
မေလတုန်းက ဗျူနိုအေးရိစ်ပြည်နယ်မှာ Klebsiella pneumoniae (Kpn) နဲ့ Ralstonia spp ဘက်တီးရီးယားပိုးကြောင့် ပထမဆုံးရောဂါဖြစ်ပွားမှုကို သတင်းပေးပို့ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက အာဂျင်တီးနား ဆေးဝါးစီမံခန့်ခွဲမှုအေဂျင်စီ (ANMAT) ဟာ ဖန်တနဲလ် ပါဝင်တဲ့ ဆေးဝါးအတွဲတွေကို အသုံးပြုခြင်း၊ စီးပွားဖြစ်ရောင်းချခြင်းနဲ့ ဖြန့်ဖြူးခြင်းတို့ကို တားမြစ်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဟာ မသန့်ပြန့်တဲ့ ဘက်တီးရီးယားတွေ ပါဝင်တဲ့ ဖန်တနဲလ်ဆေးဝါး ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဖြူးခြင်းတို့အတွက် တာဝန်ရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းထားပါတယ်။
လာ ပလာတာမြို့က ဗဟိုတရားသူကြီးတယောက်ဟာ အဲဒီအမှုကို စုံစမ်းစစ်ဆေးနေကြောင်း အာဂျင်တီးနားမီဒီယာက ထုတ်ပြန်ပါတယ်။
Source: Reuters




