Home
မြန်မာသတင်း
တရားမျှတမှု လိုလားနေကြသည့် စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူများ
DVB
·
July 17, 2025

ဇူလိုင်လ ၁၇ ရက်ဟာ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့လို့ အများက ခေါ်တဲ့ World Day for International Justice ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ နေနေကြရတဲ့   မြန်မာပြည်သူတွေကတော့ စစ်မှန်တဲ့ တရားမျှတမှုကို လိုလားနေကြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက် ဗုံးကြဲ တိုက်ခိုက်မှုတွေ၊  မတရားညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးထောင်ချမှုတွေကို အပြစ်မဲ့ ပြည်သူတွေ နေ့စဉ် ခံစားနေကြရတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ရွာသားတွေ အများအပြား သေဆုံးခဲ့ရတဲ့ ပဇီကြီးဒေသခံ တယောက်က “ဝမ်းနည်းကြတယ်။ နောက်ထပ်လည်း ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မဖြစ်အောင် ကျမတို့ ပြည်သူတွေကို နိုင်သလောက်ကို ကာကွယ်ပေးပါလို့ပဲ ပြောချင်တယ်။ ကျမတို့က သူတို့က ခုခံစရာ ဘာလက်နက်မှာ မရှိဘူး။ စိတ်ခွန်အားရအောင် မနည်းအားပေးနေရတာ၊ ကိုယ့်ဘာသာကိုယ်။ အဲဒါကြောင့် ကာကွယ်ပေးကြပါ။ ကိုယ့်လို အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် လုပ်ပေးကြပါ၊ မိသားစု စုံတဲ့သူဆိုတာလည်း ခပ်ရှားရှား”လို့ ပြောပါတယ်။ 

ဗုံးကြဲခံခဲ့ရတဲ့ အိုးတိမ်တွင်းကျေးရွာက  ကျန်ရစ်သူ CDM ဆရာမ တယောက်ကလည်း  “သူတို့က လူမဆန်တာလေ၊ ကိုယ်ချင်းမစာတာ၊ သားသမီးချင်း ကိုယ်ချင်းမစာတာ။ သေဆုံးသွားပေမဲ့ နောက်ထပ် ကျန်တဲ့သူတွေက လက်ပြတ် ခြေပြတ်နဲ့ အမျိုးမျိုးအဖုံဖုံ ရှေ့ဆက် ဘယ်လိုသွားရမယ် ဆိုတာ မသိသေးတဲ့ ကလေး လူကြီးတွေအတွက် ကူညီပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။

အိုးတိမ်တွင်း ဗုံးကြဲခံမှုဖြစ်စဉ်မှာ ကလေးဆုံးရှုံးခဲ့ရတဲ့ မိခင်တယောက်က “ကျုပ်သားသမီးလေးကို ကျုပ်က တပို့တွဲလကုန်ရင် ရှင်ပြုပေးမယ့်သားလေး၊ သားလေးက ရှင်ပြုချင်လွန်းလို့ဆိုလို့ ရှင်ပြုပေးပြီးရင် ရန်ကုန် လိုက်ဦးမှာတဲ့ သူက။ အခု သားလေးက ရှင်ပြုလို့လည်း မရတော့ဘူး။ ရှင်ပြုပစ္စည်းတွေက ဝယ်ပြီးပြီ။ အဲဒီစစ်အာဏာရှင်ကြီးလည်း မုန်းတယ်။ မင်းအောင်လှိုင်ကိုလည်း မုန်းတယ်။ သတင်းပေးတဲ့ မိသားစုတွေကိုလည်း မုန်းတယ်။ သူများမိသားစုတွေကို ပြိုကွဲအောင် လုပ်လို့ သူတို့ကို မုန်းတယ်။  နိုင်ငံတကာကိုလည်း တောင်းပန်ချင်ပါတယ်၊ ဒီဟာတွေကို အမြန်ဆုံး ပြီးစီးအောင် လုပ်ပေးကြပါ၊ ဖော်ထုတ်ပေးကြပါ”လို့ ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်က အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့ ဖြစ်ပေမဲ့ မြန်မာနိုင်ငံက ပြည်သူလူထုတွေကတော့ စစ်အာဏာရှင်လက်အောက်မှာ တရားမျှတမှု ဘာမှမရတဲ့အတွက် ဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်းနဲ့ တရားမျှတမှုတွေ လိုလားနေကြပါတယ်။

CDM ကထိက ဒေါ်ရတီအုန်းက “ကျမတို့ မြန်မာနိုင်ငံအတွက်တော့ စစ်အာဏာရှင်ရဲ့ နှိပ်စက်မှု အောက်မှာ မတရားညှဉ်းပန်းမှုအောက်မှာ ရောက်နေတဲ့အတွက် တရားမျှတမှုနေ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ တကမ္ဘာလုံးမှာ ရှိနေတဲ့ လူသားတွေနည်းတူ ကျမတို့ မြန်မာနိုင်ငံက လူတွေလည်း တရားမျှတမှု အရသာကို ခံစားချင်ပါတယ်၊ ကူညီနိုင်တဲ့သူများ နိုင်ငံတကာအပါအဝင် အဖွဲ့အစည်းပေါင်းစုံကနေ ကျမတို့အတွက် တောင်းဆိုပေးကြပါ ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်”လို့ ပြောပါတယ်။

တရားမျှတမှု ရယူနိုင်ဖို့ လူတယောက်ချင်းစီမှာ တာဝန်ရှိသလို လူထုကိုယ်စားပြု အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိပါတယ်။

အာဏာသိမ်း ၄ နှစ်ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် မြန်မာနိုင်ငံက ပြည်သူတွေက နေ့စဉ်နဲ့အမျှ အသက်အိုးအိမ်တွေ ဆုံးရှုံးပျက်စီးပြီး ဆင်းရဲမွဲတေမှုတွေ မြင့်တက်လာသလို သေဆုံးရသူတွေလည်း တိုးလာနေပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်ပေးမှုတွေက အမြန်ဆုံး လိုအပ်နေတာပဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး  ဦးအောင်မျိုးမင်းက “နိုင်ငံရဲ့ လက်ရှိအခြေအနေမှာ တရားမျှတမှု ဆုံးရှုံးခံနေရတဲ့ အထူးသဖြင့် ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတဲ့ ပြည်သူတွေရဲ့ အသံကနားထဲ မဆံ့အောင် ရင်နဲ့အမျှ ကြားနေရပါတယ်၊ ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ လုပ်ဆောင်ဖို့ လိုအပ်သလို ကျူးလွန်ခံရတဲ့သူကို ထိုက်သင့်တဲ့ ဖော်ဆောင်မှုတွေ ထိုက်သင့်တဲ့ ကုစားမှုတွေ လိုအပ်ပါတယ်။ အဲဒီအတွက် ယုံကြည်ချက်တခု ထားဖို့ လိုအပ်ပါတယ်။ တရားမျှတမှုက မဖြစ်မနေ ပေါ်ပေါက်ရမယ့် အရာဖြစ်တယ်။ မှန်ကန်တဲ့ တရားမျှတမှု ပေါ်ပေါက်လာဖို့အတွက် လက်တွဲလုပ်ဆောင်သွားဖို့အတွက် တိုက်တွန်းလိုပါတယ်။ အကြံပြုလိုပါတယ်၊ သစ္စာလည်း ပြုပါတယ်၊ ပြည်သူအားလုံးရဲ့ အမှန်တရားအတွက် တရားမျှတမှုအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း  ၃၀၀၄ ခု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၃၉၉ မှု၊ အဓမ္မ စစ်သားစုဆောင်းခံရမှု ဖြစ်စဉ်ပေါင်း ၁၅၂၇ မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၁၉၆၃၄ မှု ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီးဌာနက စာရင်းတွေအရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013