Home
မြန်မာသတင်း
ငလျင်ဘေးသင့် မြန်မာပြည်သူ ၃ သိန်းကျော်အတွက် တရုတ်က တလစာဆန်ဖိုး လှူဒါန်း
DVB
·
July 30, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူ ၃ သိန်းကျော်အတွက် တရုတ်နိုင်ငံက တလစာ ဆန်ဖိုး လှူဒါန်းသွားမယ့်အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဇူ လိုင် ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ရန်ပုံငွေနဲ့ WFP က ဆန် ၄,၉၀၀ မက်ထရစ်တန် ဝယ်ယူမှာဖြစ်ပြီး တရုတ်အစိုးရရဲ့ အရေးပေါ် စားနပ်ရိက္ခာအကူအညီပေးအပ်မှုကို WFP အနေနဲ့ ကြိုဆိုကြောင်းလည်း ဖော်ပြထားတာပါ။

အဆိုပါ လှူဒါန်းမှုမှာတော့ ငလျင်ဒဏ်အဆိုးဝါးဆုံးခံရတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းက ပြည်သူတွေအတွက် တလစာရိက္ခာ ဆန် မက်ထရစ်တန် ၄,၉၀၀ ကို ထောက်ပံ့သွားမှာဖြစ်ကာ WFP အနေနဲ့ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး လိုအပ်နေသူတွေဆီ တိုက်ရိုက်ပေးပို့သွားမယ်လို့ ဆိုပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မိုက်ကယ် ဒန်းဖို့ဒ်က “ပဋိပက္ခတွေ၊ နေ ရပ်စွန့်ခွာရွှေ့ပြောင်းရတာတွေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ပိုဆိုးလာနေတဲ့ နိုင်ငံကိုမှ ငလျင်က ထပ်ပြီး လှုပ်ခတ်သွားခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ငလျင်လှုပ်ပြီးပြီးချင်း အကူအညီတွေ အလိုအပ်ဆုံးဖြစ်နေချိန်မှာ အရေးပေါ်အကူအညီတွေပေးပြီး ရှေ့တန်းအ ခန်းကဏ္ဍကနေ ချက်ချင်းပါဝင်ခဲ့ပါတယ်။ အရာအားလုံးဆုံးရှုံးခဲ့ရတဲ့အပြင် မုတ်သုန်မိုးကြောင့် ပိုဆိုးလာတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံနေကြရတဲ့ မိသားစုတွေအတွက် တရုတ်နိုင်ငံက အခုပေးအပ်လိုက်တဲ့ အကူအညီတွေဟာ တကယ့်ကိုအထောက်အပံ့ ဖြစ်မှာပါ” လို့ ပြောပါတယ်။

ငလျင်လှုပ်ပြီး လေးလအတွင်း အဆိုးရွားဆုံး ထိခိုက်ခဲ့ရတဲ့ ဒေသတွေမှာ စားနပ်ရိက္ခာ ဖူလုံရေး အခြေအနေဟာ စိုးရိမ်ရဆဲဖြစ်သလို ကုလသမဂ္ဂရဲ့ နောက်ဆုံး ကိန်းဂဏန်းတွေအရ လူပေါင်း ၆ ဒသမ ၃ သန်းကျော်ဟာ အဆိုပါ ဒေသတွေအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့ အကာအကွယ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် WFP နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ရဲ့ ကနဦး အကဲဖြတ်ချက်တွေအရ ငလျင်ဘေးဒဏ်ခံ ရပ်ရွာလူထုရဲ့ ၃၈ ရာခိုင်နှုန်းက သူတို့ရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ ဒါမှမဟုတ် တခြားအထောက်အပံ့တွေအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း တွေ့ရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Source ; WFP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013