
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှာ ဇူလိုင် ၂၈ ရက်က ကုန်တင်တွဲသင်္ဘောတစင်းက ရွက်လှေတစင်းကို ဝင်တိုက်ခဲ့ပြီးနောက်မှာ ကလေး ၂ ယောက် သေဆုံးကာ တခြား ၂ ယောက်ကို ဆေးရုံတင်ထားရပြီး စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း မိုင်ယာမီကမ်းခြေစောင့်တပ်ဖွဲ့က ဇူလိုင် ၂၉ ရက်မှာ ပြောကြားပါတယ်။
မနက် ၁၁ နာရီ ၂၇ မိနစ်လောက်က ဟစ်ဘစ်စ်ကပ်စ်ကျွန်း အနီးမှာ တွဲသင်္ဘောတစင်းဟာ မိုင်ယာမီ ရွက်လှေကလပ်အသင်းပိုင် နွေရာသီစခန်းဝင် ရွက်လှေတစင်းနဲ့ တိုက်မိခဲ့တာလို့ မိုင်ယာမီ ကမ်းခြေစောင့်တပ်ဖွဲ့ဌာန ကွပ်ကဲရေးမှူး ဖရန့်ခ် ဖလောရီယိုသာ့ဒ်က ပြောပါတယ်။
“လှေ ၂ စင်း တိုက်မိမှုအတွင်း အသက် ၇ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ပါတယ်။ ၂ ယောက်မှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတင်ထားရပြီး တခြား ၂ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆုံးသတ်ခဲ့ပြီး ဆွေမျိုးတွေကိုလည်း အကြောင်းကြားထားပြီးပါပြီ။”
ရွက်လှေပေါ်က မိန်းကလေးတွေအားလုံး အသက်ကယ်အင်္ကျီတွေ ဝတ်ထားကြတယ်လို့ ယုံကြည်ထားပြီး သေချာအောင် နောက်တခါ ထပ်ပြီး အတည်ပြုဦးမယ်လို့လည်း ပြောဆိုပါတယ်။
ပြည်တွင်းမီဒီယာတွေမှာတော့ သေဆုံးသူတယောက်ဟာ အာဂျင်တီးနားလူမျိုး ဖြစ်ကြောင်း ဖော်ပြပါတယ်။
ရွက်လှေပေါ်မှာ လူ ၆ ယောက် လိုက်ပါခဲ့ပြီး သူတို့ထဲက ၅ ယောက်မှာ အသက် ၇ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ်တွေဖြစ်ကြောင်း ဒေသခံအရာရှိတွေကို ကိုးကားပြီး WKMG အော်လန်ဒို ရုပ်သံသတင်းဌာနမှာ ဖော်ပြပါတယ်။
Source: Reuters


