
ပါလက်စတိုင်းကို နိုင်ငံအဖြစ် စက်တင်ဘာလမှာ အသိအမှတ်ပြုဖို့ ဗြိတိန်က စီစဉ်နေမှုဟာ ဟားမတ်စ်အတွက် ဆုလာဘ်ဖြစ်နေပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေမှာဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်က အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် X မှာ ပို့စ်တင် ပြောကြားပါတယ်။
အစ္စရေးဟာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်ကို ပယ်ချပါကြောင်းနဲ့ ပြင်သစ်ရဲ့လုပ်ဆောင်မှုနဲ့ ပြည်တွင်းက နိုင်ငံရေးဖိအားတွေအပြီးမှာ ဗြိတိသျှအစိုးရရဲ့ ရပ်တည်ချက်က အပြောင်းအလဲ ဖြစ်လာကြောင်းလည်း ဖော်ပြထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဆာလောင်ငတ်မွတ်နေတဲ့ ကလေးငယ်တွေရဲ့ ရုပ်ပုံတွေကြောင့် လူတွေရဲ့ အမျက်ဒေါသကြီးထွားလာရတာကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်ဟာ စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ပြင်ဆင်နေကြောင်း အင်္ဂါနေ့အစောပိုင်းမှာ ပြောဆိုခဲ့တာပါ။
စတာမာက စကော့တလန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ စကားပြောဆိုခဲ့ပြီး နောက်တရက်မှာ ခုလို ပြောကြားခဲ့တာဖြစ်ပြီး ထရမ့်ပ်က တကယ်လို့ ဗြိတိန်ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတယ် ဆိုရင်လည်း စိတ်ဆိုးစရာမရှိကြောင်း ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
အစ္စရေးရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်တဲ့ ဝါရှင်တန်ကတော့ အဲဒီလိုလုပ်ဖို့ အချိန်အတော်ကြာ ငြင်းဆိုထားတာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက အစ္စရေးအစိုးရဟာ ဂါဇာကမ်းမြောင်ဒေသရှိ “ထိတ်လန့်စရာ အခြေအနေ”ကို အဆုံးသတ်ဖို့နဲ့ တခြားသတ်မှတ်ချက် အခြေအနေတွေနဲ့ ကိုက်ညီမှုမရှိဘူး ဆိုရင် ဗြိတိန်ဟာ စက်တင်ဘာလမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရမှာပဲလို့ ပြောခဲ့ပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို နောက်ထပ် အကူအညီတွေ ဝင်ရောက်ပေးပို့ခွင့်ပြုဖို့၊ အနောက်ဘက်ကမ်းကို သိမ်းပိုက်တော့မှာ မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောကြားပေးဖို့၊ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရှိနေမယ့် “နှစ်နိုင်ငံဖြေရှင်းချက်” ကို လုပ်ဆောင်နိုင်ဖို့ ရေရှည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကတိကဝတ်ပြုဖို့တွေကို အစ္စရေးက ခိုင်ခိုင်မာမာ လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ စတာမာက ပြောကြားထားတာဖြစ်ပါတယ်။
Source: Reuters