
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်၊ မန်ဟက်တန် မိုးမျှော်အဆောက်အအုံတခုမှာ သေနတ်သမားတယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၄ ယောက် သေဆုံးပြီး ကျူးလွန်သူလည်း ကိုယ့်ကိုယ်ကိုယ် ပစ်သတ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
အခင်းဖြစ်ရာ အဆောက်အအုံမှာ NFL အားကစားအဖွဲ့ ရုံးချုပ်နဲ့ Blackston အပါအဝင် ဘဏ္ဍာရေးလုပ်ငန်းကြီးတွေရဲ့ ရုံးတွေ တည်ရှိပါတယ်။
ပစ်ခတ်သူဟာ ရိုင်ဖယ်သေနတ်တလက်ကိုင်ပြီး အဆောက်အအုံထဲ လမ်းလျှောက်ဝင်သွားတဲ့ ဓာတ်ပုံတပုံကို မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။
ကျူးလွန်သူဟာ ထင်ရှားတဲ့ ပြစ်မှုမှတ်တမ်း မရှိဘူးလို့လည်း သိရပါတယ်။ သေဆုံးသူ ၄ ယောက်မှာ တယောက်ဟာ အသက် ၃၆ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်ဖြစ်ပြီး ကျန် ၃ ယောက်ကတော့ အရပ်သားတွေ ဖြစ်ပါတယ်။
ပစ်ခတ်ခံရတဲ့ နောက်တယောက်ဟာလည်း ဆေးရုံမှာ အသက်လုနေရဆဲဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန် အီးရစ်အဒမ်က ပြောပါတယ်။
သေနတ်သမားဟာ လာ့စ်ဗီးဂတ်စ်ဒေသခံ အသက် ၂၇ နှစ်အရွယ် ရှိန်းတာမူရာ ဆိုသူဖြစ်ပြီး စိတ်ကျန်းမာရေးချို့တဲ့မှု မှတ်တမ်းရှိသူဖြစ်တယ်လို့ နယူးယောက်ရဲမင်းကြီး ဂျက်စီကာ တစ်ရှ်က ဆိုပါတယ်။
နယူးယောက်ကို မကြာသေးမီရက်ပိုင်းကမှ ကားမောင်းလာခဲ့တာဖြစ်ပြီး တကိုယ်တော် လှုပ်ရှားခဲ့တယ်လို့ ယူဆထားပါတယ်။
ကိုယ့်ရင်ဘတ်ကို ပစ်ခတ်ပြီး အဆုံးစီရင်သွားတဲ့ ပစ်ခတ်သူရဲ့ ရည်ရွယ်ချက်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Source: Reuters