Home
မြန်မာသတင်း
သံလွင်မြစ်ရေကြီးသဖြင့် ဘားအံမြို့ခံနှင့် စစ်ရှောင် ၆,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ ခိုလှုံ
DVB
·
July 29, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေကြီးမှုကြောင့် မြို့ခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အပါအဝင် ရေသင့်ပြည်သူ ၆,၀၀၀ ကျော်ဟာ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရ တယ်လို့  လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေနဲ့ သံလွင်မြစ်ရေကြောင့် ရေကြီးခဲ့ ပါတယ်။

ဇူလိုင် ၂၉ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၀၈ စင်တီမီတာကို ရောက်ရှိနေပါတယ်။

ရေကြီးနစ်မြုပ်မှုတွေကြောင့် ဘားအံမြို့ပေါ်က ကယ်ဆယ်ရေးစခန်း ၁၄ ခုနဲ့ အနီးအနား ကျေးရွာက ကယ်ဆယ်ရေးစခန်း ၉ ခုမှာ မြို့ခံတွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေအပါအဝင် ရေဘေးသင့်ပြည်သူ ၆,၀၀၀ ကျော် ခိုလှုံနေရပါတယ်။ 

ရေဝင်ရောက်ခဲ့တဲ့ ရပ်ကွက်အတွင်းက မြို့ခံတွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေပါ  ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေတယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

“ရေတွေစတက်တာနဲ့ အကုန်လုံးက ရွှေ့ပြောင်းပြီ။ ရပ်ကွက်ထဲမှာနေတဲ့ စစ်ရှောင်တွေကျတော့ သူရပ်ကွက်အလိုက် ကယ်ဆယ်ရေးစခန်းတွေ ရောက်တယ်။ ရေမြုပ်တဲ့သူတွေတော့ ရောက်တယ်။ နေထိုင်စားသောက်ရေးက အဆင်ပြေပါတယ်။ အစိုးရအဖွဲ့ကလည်း ဆန်တွေဘာတွေ ထောက်ပံ့တာရှိတယ်။ ကျနော်တို့ကလည်း မနှစ်ကရရှိတဲ့ အတွေ့အကြုံအရ ဒီနှစ်က အဆင်ပြေတယ်။”

ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅၊ အမှတ် ၇၊ အမှတ် ၈၊ အမှတ် ၉ ရပ်ကွက်တွေအပါအဝင် မြေနိမ့်ပိုင်းကျေးရွာတွေကို သံလွင်မြစ်ရေဝင်ရောက်ခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူတွေကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက မိုးလုံလေလုံ အားကစားရုံ၊ ရွှေယဉ်မျှော်ဘုရား၊ မုန်တိုင်းဘေးခိုလှုံရာစခန်း၊ အထက ၃ အားကစားရုံစတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ယာယီရွှေ့ပြောင်းထားပါတယ်။ 

စစ်ဘေးရှောင်တွေဟာ ထပ်မံပြီး ရေဘေးနဲ့ ကြုံတွေ့ရတာကြောင့် ဒုက္ခတော်တော် ရောက်တယ် လို့ မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့ခံတယောက်က “ရေဘေးအခြေအနေကတော့  ပိုပြီးတော့ရေတွေက တက်လာတယ်။ မနေ့တုန်းကဆိုရင် ကားလမ်းမပေါ်တွေအထိ ရေကျော်တယ်။ အိမ်တွေရေမြုပ်လို့ ရွှေ့ပြောင်း ကုန်ပြီ။ စစ်ဘေးရှောင်တွေလည်း စစ်ဘေးရှောင်ရပါတယ်ဆိုမှ အိမ်ငှားပြန်တော့ အိမ်ငှားတဲ့ အိမ်တွေက ရေထပ်မြုပ်တာ့ ဒုက္ခတွေ တော်တော်ရောက်တယ်”လို့ ပြောပါတယ်။

လက်ရှိမှာလည်း ဇူလိုင် ၂၉ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ပြီး ၁၀၉၀ စင်တီမီတာကို ရောက်ရှိ နေပါတယ်။

မြဝတီမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာ၊ တောင်ကျရေကြောင့် သောင်းရင်းမြစ်ရေလျှံပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်ခဲ့ပါတယ်။ 

 အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013