မြန်မာ- ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြို့တွင်း ရေဝင်ရောက်ပြီး မြေနိမ့်ပိုင်းနေထိုင်သူတွေ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့မှာ ဇူလိုင် ၂၃ ရက်ကစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် သောင်ရင်း မြစ်ရေဟာ ရေပြည့်ရေလျှံခဲ့ပြီး မြဝတီနဲ့ မဲဆောက်မြို့တွေမှာ ရေကြီးနေတာ ဖြစ်ပါတယ်။
ဇူလိုင် ၂၄ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ပြီး ၁၂၅၁ စင်တီမီတာကို ရောက်ရှိနေပါတယ်။
ရေကြီးရေလျှံတာကြောင့် အမှတ် ၁၊ ၂၊ ၅ ရပ်ကွက်နဲ့ သောင်ရင်းမြစ်ကမ်းတလျှောက်က အနိမ့်ပိုင်း နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။
မြဝတီမြို့ခံတယောက်က “မြဝတီမှာ ရေကတအားတက်နေတယ်။ အစ်မတို့ဆိုရင် အိမ်ပေါ်မှာနေလို့ မရတော့ဘူးလေ။ အိမ်ပြောင်းပြီတော့နေရတာပေါ။ ကယ်ဆယ်ရေးတွေက အစ်မတို့ဘက်ကို မလာဘူး။ လှေ ၁ စီးစ၊ ၂ စီးစလာတယ်။ အောက်ချိုင့်ဘက်တော့မသိဘူး။ စိုးရိမ်တာက အစ်မတို့ဘက်မှာ ဒီလောက်ဆိုရင် အောက်ချိုင့်ဘက်မှာ အိမ်တွေက နိမ့်တော့ စိတ်ပူရတာပေါ့”လို့ ပြောပါတယ်။
မြဝတီရေဘေးကယ်ဆယ်ရေးစခန်းတွေကို MOU စခန်း၊ အဓိဋ္ဌာန်အောင် ဓမ္မာရုံတွေနဲ့ ကျောက်လုံးကြီး စတဲ့နေရာ ၈ ခုမှာ ဖွင့်လှစ်ထားပြီး ဒေသခံ ၃၀၀၀ ကျော် ရွှေ့ပြောင်းခိုလှုံ နေကြပါတယ်။
ဇူလိုင် ၂၃ ရက်ကစပြီး သောင်ရင်းမြစ်ရေကြီးနိုင်တာကြောင့် မြေနိမ့်ပိုင်းနေထိုင်သူတွေကို ကြိုတင် ပြောင်းရွှေ့ နေထိုင်ကြဖို့ သတိပေးထားတယ်လို့ မြို့မိမြိုဖတွေက ပြောပါတယ်။
မြို့မိမြို့ဖတယောက်က “မြဝတီက ရေတက်နေတယ်။ မြဝတီမြို့အနေအထားက ရေက လက်ရှိ တက်နေတုန်း။ ကျနော်တို့ ဘုရာကြီးအရှေ့ မြေနီကုန်း အနိမ့်ပိုင်းတွေက ရေစမြုပ်နေပြီ။ ပြီးခဲ့တဲ့ နှစ်လောက်တော့ မကြီးသေးဘူး။ ဒီကောင်က မုန်းတိုင်ကြောင့် ရေကြီးသွားပုံရပါတယ်။ အခုလောလောဆယ်က သူတို့ပြောင်းရွှေ့ဖို့တွေ ပြောထားတာတွေရှိတယ်။ ရှိပေမဲ့ လူတွေက ပြောင်းရွှေ့ဖို့ကို ချက်ချင်းကြီး ကြိုတင် မလုပ်ကြဘူး။ အိမ်ထောင်စု အနည်းငယ်လောက်ပဲ ကုန်းပေါ်မှာရှိတဲ့ အိမ်တွေမှာ သွားကပ်နေတယ်။ သူတို့ကို မနေ့တည်းက သတိပေးထားတယ်” လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာလည်း ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေ လျှံတက်လာတာကြောင့် ရေကြီးနေပါတယ်။
ရေကြီးမှုကြောင်း အမှတ် ၁ ချစ်ကြည်ရေးတံတားအပါအဝင် သောင်ရင်းမြစ်ကမ်းတလျှောက်က အနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်ခဲ့ပါတယ်။
ရေကြီးမှုအခြေအနေကို ထိုင်းအစိုးရက ကြိုတင်သတိပေးထားလို့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ကြိုတင်တိမ်းရှောင်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူမရှိဘူးလို့ မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
မဲဆောက်ရောက် မြန်မာနိုင်ငံသားတယောက်က “မြစ်ကမ်းဘေးနေတဲ့ အနိမ့်ပိုင်းဆိုရင် အစိုးရက ဖုန်းတွေက မက်ဆေ့ချ်တွေပေးတယ်။ အဲဒါမျိုးကျတော့ ကြိုပြီးတော့ တိမ်းရှောင်တာတွေ လုပ်နိုင်တဲ့အတွက် လက်ရှိတော့ ထိခိုက်သေဆုံးတာတွေ ဘာတွေ မရှိဘူး။ အရမ်းကြီး ဆိုးဆိုးဝါးဝါးမဖြစ်ဘူး။ ရေကတော့ ကြောက်စရာကြီး တက်တာက။ ဒါပေမဲ့ အခုအချိန်မှာ ခံသာတယ်။ အဲဒါမျိုးတော့ရှိတယ်။ ဒါပေမဲ့ ပြောင်းတဲ့သူတွေက ပြန်ပြီးတော့ မလာကျသေးဘူး။ မိုးကပြောလို့ မရသေးဘူး။ ဒီနေ့နဲ့ မနက်ဖြန်လောက်အထိ ဆက်ပြီးတော့ သတိရှိဖို့တော့ လိုမယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၁ ရက်က စတင်ပြီး မဲဆောက်မြို့မှာ မိုးသက်လေပြင်းနဲ့ အတူ မိုးအဆက်မပြတ်ရွာသွန်းခဲ့ တာကြောင့် မြို့တွင်းရပ်ကွက်တချို့မှာ မြောင်းရေကျော်ပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒ့ါအပြင် မိုးသက်လေပြင်းကြောင့် မြို့တွင်းရပ်ကွက်တချို့မှာ အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက် တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အောင်ခန့်