
မြန်မာနိုင်ငံပြည်ပ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် ပင်လယ်ပြင်ထဲမှာ ဇူလိုင် ၂၉ ရက် ဒီမနက်အစောပိုင်းက အင်အားပြင်းထန်တဲ့ ငလျင်တခု ထပ်လှုပ်တယ်လို့ စစ်ကောင်စီ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် မနက် ၁ နာရီ ၁၁ မိနစ်က မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ နီကိုဘားကျွန်းနားမှာ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၆ ဒသမ ၁ အဆင့် အင်အားပြင်းထန်တဲ့ မြေငလျင်တခုလှုပ်ရှားသွားတာကို တိုင်းထွာရရှိတယ်လို့ ဆိုပါတယ်။
အဲဒီနေရာမှာ ပြီးခဲ့တဲ့ တလအတွင်း အင်အား ရစ်ချ်တာစကေး ၅ ဝန်းကျင်နဲ့ ၅ ကြိမ် လှုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် ည ၇ နာရီ ၄၄ မိနစ်ကလည်း အဲဒီဝန်းကျင်မှာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိငလျင်တခု လှုပ်ခဲ့ပါတယ်။
ဇွန် ၂၇ ရက် ည ၉ နာရီခွဲလောက်ကလည်း အဲဒီနေရာမှာ ရစ်ချ်တာစကေး ၅ အဆင့်၊ ဇွန် ၂၅ ရက်နေ့၊ ညနေ ၄ နာရီခွဲလောက်က ရစ်ချ်တာစကေး ၄ ဒသမ ၈၊ ဇွန် ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်က ရစ်ချ်တာစကေး ၄ ဒသမ ၇၊ ည ၇ နာရီခွဲကျော်က ရစ်ချ်တာစကေး ၅ အဆင့်နဲ့ လှုပ်ခတ်ခဲ့ပါသေးတယ်။


