
တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမှာ တနှစ်လုံးရွာမယ့် မိုးပမာဏနီးပါးကို ရက် အနည်းငယ် အတွင်းမှာပဲ ကြုံခဲ့ရပြီး ဇူလိုင် ၂၈ ရက် ည ၁၂ နာရီအထိ ရွာသွန်းခဲ့တဲ့မိုးကြောင့် ဇူလိုင် ၂၉ ရက်မှာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ထောင်နဲ့ ချီတဲ့လူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြပါတယ်။
ဇူလိုင် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဇူလိုင် ၂၈ ရက်မှာတော့ ပေကျင်းနဲ့ အနီးတဝိုက် ပြည်နယ်တွေမှာ ပိုမိုအားကောင်းလာခဲ့ပြီး မြို့တော်ရဲ့ မြောက်ပိုင်းခရိုင်တွေမှာ မိုးရေချိန် ၅၄၃ ဒသမ ၄ မီလီမီတာ (၂၁ ဒသမ ၄ လက်မ)အထိ ရွာသွန်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
ပေကျင်းမှာ နှစ်စဉ် မိုးရေချိန် ပျမ်းမျှ ၆၀၀ မီလီမီတာ ရှိပါတယ်။ အာဏာပိုင်တွေဟာ ပေကျင်းမြို့ခံ ၈၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ပေကျင်းမြို့မှာ ဇူလိုင် ၂၈ ရက်က အမြင့်ဆုံးအဆင့် မိုးရွာသွန်းမှုနဲ့ ရေကြီးမှု သတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေကို သူတို့ရဲ့နေအိမ်တွေကနေ မထွက်ခွာကြဖို့ အကြံပြုထားပါတယ်။
မြို့တော် ပေကျင်းနဲ့ ဟယ်ပေး၊ ကျီလင်းနဲ့ ရှန်းတုံး ပြည်နယ်တွေမှာ အသေအပျောက်နဲ့ ပစ္စည်းဆုံးရှုံးမှုတွေ အပြင်းအထန်ရှိခဲ့ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တနင်္လာနေ့ နှောင်းပိုင်းမှာ ပြောကြားခဲ့ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကို အားကုန်သုံး ဆောင်ရွက်ကြဖို့ အမိန့်ပေးခဲ့ပါတယ်။
Source: Reuters