
တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်းမြို့ အရှေ့မြောက်ပိုင်း ဆင်ခြေဖုံးက မီယန်ရေလှောင်တမံဟာ တည်ဆောက်ပြီး နောက်ပိုင်း နှစ် ၆၀ ကျော်အတွင်း အများဆုံး ရေစီးဝင်မှု စံချိန်တင်ခဲ့ပြီး တနင်္ဂနွေနေ့မှာ မြစ်အောက်ပိုင်းဆီကို ရေတွေ ဖောက်ချခဲ့ရပါတယ်။
ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အတွင်း မိုးသည်းလို့ ရေလှောင်ကန်ထဲကို တစက္ကန့်မှာ ရေ ၆၅၅၀ ကုဗမီတာအထိ စံချိန်တင် ဝင်ရောက်ခဲ့တယ်လို့ ရေလှောင်ကန်ရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။
ဇူလိုင် ၂၇ ရက်မနက် ၈ နာရီမှာ ရေလှောင်ကန်ရဲ့ ရေမျက်နှာပြင်က ၁၅၃ ဒသမ ၁၀ မီတာအထိ မြင့်တက်ခဲ့ပြီး ရေလွှမ်းမိုးမှု ကန့်သတ်ချက် ၁ ဒသမ ၁၀ မီတာကို ကျော်လွန်ခဲ့တာပါ။
ရေကြီးရေလျှံတာတွေကြောင့် ရေလှောင်ကန်ဆီ နောက်ထပ် ရေကုဗမီတာ သန်း ၅၀၀ နီးပါး ဝင်လာဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်တွေက ဆိုပါတယ်။
ရေကြီးမှုဖြစ်နိုင်ခြေကို ကြိုတင်ပြင်ဆင်ဖို့ အာဏာပိုင်တွေက ဇူလိုင် ၂၇ ရက်ညနေ ၃ နာရီကစပြီး ရေလှောင်တမံကနေ ရေတွေ စပြီးဖောက်ချခဲ့ပါတယ်။
ဆည်ရေဖောက်ချတဲ့ဒဏ်ကို အဓိကခံရတဲ့ မြစ်တွေက ချောင်းဟော့၊ ဘိုင်ဟော့နဲ့ ချောင်းဘိုင် မြစ်တွေဖြစ်ပြီး မိယွန်၊ ဟွာရို၊ ရှန်ယီ၊ တုံကျိုး စတဲ့ ခရိုင်တွေကို ဖြတ်သန်းစီးဆင်းမှာ ဖြစ်ပါတယ်။
ရေအရင်းအမြစ်ဝန်ကြီးဌာန ရေကြီးမှုနဲ့ မိုးခေါင်ရေရှား ဘေးအန္တရာယ် လျှော့ချရေး သုတေသနဌာန လက်ထောက် ညွှန်ကြားရေးမှူး ဝူကျဲဘင်က "ရေလှောင်ကန်ရဲ့ ရေထွက်နှုန်းက စနေညနေ ၃ နာရီမှာ တစက္ကန့်ကို ကုဗမီတာ ၂၀၀ ကနေ ညနေ ၆ နာရီမှာတော့ ၅၀၀ ကုဗမီတာထိ တိုးသွားတယ်"လို့ ပြောပါတယ်။
တနင်္လာနေ့မှာ အထက်ပိုင်းဒေသတွေမှာ မိုးရေချိန် ၃၀ ကနေ ၄၀ မီလီမီတာထိ မိုးပိုရွာနိုင်လို့ မြစ်အောက်ပိုင်းဒေသတွေမှာ ပြင်းထန်တဲ့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မြစ်ကမ်းပါးတွေကို အရှိန်အဟုန်မြှင့်စစ်ဆေးဖို့၊ ထိခိုက်လွယ်သူတွေကို အချိန်မီ နေရာရွှေ့ပြောင်းပေးဖို့၊ မြစ်ကမ်းပါးတွေဆီ အများပြည်သူ သွားလာခွင့်ကို ကန့်သတ်ဖို့နဲ့ လိုအပ်ရင် လမ်းပိတ်ဖို့၊ ယာဉ်ကြောပိတ်ဆို့မှုတွေကို ကြပ်မတ်ဖို့ ဒေသန္တရအစိုးရတွေကို တိုက်တွန်းထားပါတယ်။
ဝူကျဲဘင်က “မြစ်အောက်ပိုင်းဒေသတွေမှာ တချို့မြစ်ရေလမ်းကြောင်းတွေ ဖောက်လုပ်နေပါတယ်။ ဝန်ထမ်းတွေနဲ့ စက်ယန္တရားတွေကို သုံးပြီး အချိန်မီ ကယ်ထုတ်ဖို့ သက်ဆိုင်ရာ အကာအကွယ် အစီအမံတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
Source: Reuters