ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ ရက်သတ္တတပတ်ကျော် မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် မြေနိမ့်ပိုင်းရှိ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၄ တို့မှာ နေအိမ်တွေ ရေမြုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းက စတင်ကာ ရေမြုပ်ပြီး မြေနိမ့်ပိုင်း နေအိမ် ၁၀ လုံးကျော် မြုပ်သွားပြီး ကျန်နေအိမ်အများစုမှာတော့ နေအိမ်တဝက်ထိ ရေမြုပ်သွားပြီလို့ ပြောပါတယ်။
မြို့ခံတယောက်က “တောင်ကျရေတွေ အရမ်းများတော့ ရေဝင်တဲ့ရပ်ကွက်ကလူတွေ ချက်ချင်းပြောင်းရွှေ့ရတယ်။ မိုးဆက်ရွာရင်တော့ ရေမြုပ်တာ ပိုများတယ်။ တောင်တွေ ပြိုမှာလည်း ကြောက်ရတယ်။ အရင်နှစ်လိုမျိုးတော့ မဆိုးသေးဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် တချို့နေရာမှာလည်း ကားလမ်းရေကျော်နေလို့ သွားလာရ ခက်ခဲကြပြီး မြို့ခံတွေကတော့ ရေဒီ့ထက်ပိုကြီးမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
မြို့ခံနောက်တယောက်က “ရေဝင်တဲ့နေရာတော့ မနေ့ကစပြီး ရွှေ့ကြပြီ။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း လာကူညီကြတယ်။ မိုးကလည်း အဆက်မပြတ်ပဲ ရွာနေတုန်းမို့ ရေက ကျတာမရှိဘူး၊ ရေက တက်လာတာပဲရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လကလည်း ကလောမြို့မှာ ရေကြီးတာနဲ့ တောင်ပြိုကျမှုများကြောင့် မြို့ခံ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။