ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဇူလိုင် ၂၇ ရက် ညပိုင်းကတည်းက ရေကြီးရေလျှံလာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး တာချီလိတ်မြို့အတွင်းက တံတား -၁ ၊ မယ်ခေါင်ရပ်ကွက်နဲ့ တာလောရပ်ကွက်တို့ ရေနစ်မြုပ်နေတာ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် အနိမ့်ပိုင်းနေရာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို ဒီမနက်ပိုင်းက စပြီး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတယောက်က ပြောပါတယ်။
“စက်လှေနဲ့ ရေအရမ်းတက်တဲ့ နေရာတွေကို ကယ်ဆယ်ရေး လိုက်လုပ်ပေးနေတာ။ အရင်နှစ်ကလောက် မဆိုးသေးဘူးဆိုပေမဲ့ စိတ်ပူတဲ့သူတွေကိုကျ ကယ်ဆယ်ပေးနေတာပေါ့။ အခုက တနေရာနဲ့ တနေရာမတူဘူး ၃ ပေ၊ ၅ ပေလောက် ရေတက်တယ်။ ရေက ထပ်တက်မယ့်သဘော ရှိတယ်။ တံတား-၁ ကိုလည်း ဖြတ်သန်းခွင့် ယာယီပိတ်ထားတယ်။ အခုထိ မယ်ဆိုင်ချောင်းက ရေတက်နေတုန်းပဲ။”
ရေဘေးဒုက္ခသည်တွေကိုတော့ သတ်မှတ်ထားတဲ့ စခန်းတွေနဲ့ ဘုန်းကြီးကျောင်းတို့ကို ပို့ဆောင်ပေးထားပြီး စားရေးသောက်ရေးအတွက် ကူညီပေးနေတယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မယ်ဆိုင်ချောင်းတလျှောက်မှာ ရွှေတူးဖော်ရေးတွေ ပိုများလာတာကြောင့် တနှစ်ထက် တနှစ် ချောင်းရေမြင့်တက်မှု ပိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မယ်ဆိုင်ချောင်းရေ မြင့်တက်တာနဲ့ မိုးရွာသွန်းမှုများပြီး မြေပြိုတာကြောင့် ဒေသခံ ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။