Home
နိုင်ငံတကာ
ဂါဇာတွင် လေကြောင်းမှ ရိက္ခာကြဲချမှု ပြန်လည်စတင် 
DVB
·
July 28, 2025
Photo: JORDAN ARMED FORCES / UAE'S MINISTRY OF DEFENCE

ဂါဇာမှာ  လေကြောင်းက ရိက္ခာကြဲချမှုတွေ ပြန်လည်စတင်နေပြီး ဇူလိုင် ၂၇ ရက်မှာ ဂျော်ဒန်နဲ့ ယူအေအီးဟာ အကူအညီ ၂၅ တန် ကြဲချပေးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ဂါဇာမှာ အာဟာရချို့တဲ့မှု အခြေအနေဟာ စိုးရိမ်စရာအဆင့် ရောက်ရှိနေပြီး အန္တရာယ်ကြီးတဲ့လမ်းကြောင်းပေါ် ဦးတည်နေပြီလို့ ထုတ်ပြန်ပါတယ်။

ဂါဇာတချို့နေရာတွေမှာ တနေ့ကို ၁၀ နာရီ စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးထားတယ်လို့ အစ္စရေးက ထုတ်ပြန်ထားပြီး ကုလသမဂ္ဂယာဉ်တန်းတွေအတွက် အကူအညီ စင်္ကြံလမ်းကြောင်း ခွင့်ပြုပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် တွမ်ဖလက်ချာကလည်း အစ္စရေးဟာ သွားလာမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးထားတယ်လို့ အတည်ပြုပါတယ်။

ကုန်ကား ၁၀၀ ကျော်မှာ တင်ဆောင်လာတဲ့ အကူအညီတွေကို နယ်စပ်ဂိတ်တွေကနေ ဂါဇာကမ်းမြောင်အတွင်း ပေးပို့လိုက်ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဂါဇာအလယ်ပိုင်းမှာ အကူအညီပေးရေးယာဉ်တန်း လမ်းကြောင်းအနီးမှာ အစ္စရေး ပစ်ခတ်လို့ ၉ ယောက် သေဆုံးပြီး ၅၄ ယောက် ဒဏ်ရာရတယ်လို့ ဆေးအဖွဲ့တွေက ပြောပါတယ်။

ရိက္ခာဝေဖို့ အပစ်ရပ်ထားတယ်ဆိုတဲ့ အချိန်အတွင်းမှာ လူနေတိုက်တခုကို လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးစစ်တပ် (IDF) ကတော့ သံသယရှိသူတွေ စုဝေးပြီး ချဉ်းကပ်လာလို့ သတိပေး ပစ်ခတ်ခဲ့တာလို့ တုံ့ပြန်ခဲ့ပြီး အသေအပျောက်ရှိတယ်လို့ သတိမပြုမိဘူးလို့ ပြောပါတယ်။

အကူအညီကို အကန့်အသတ်ပမာဏနဲ့ပဲ ဝင်ခွင့်ပေးရင် အသည်းအသန်လိုအပ်နေကြတဲ့ လူတွေကြားမှာ ဝရုန်းသုန်းကားဖြစ်လာမှာပဲလို့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးထားကြပါတယ်။

အစုလိုက် ငတ်နေကြပြီလို့ သတိပေးချက်တွေ ထွက်ပေါ်လာချိန်မှာ အကူအညီတွေ ပေးဝင်ဖို့ အစ္စရေးကို နိုင်ငံတကာက ဖိအားပေးနေကြပါတယ်။

ဂါဇာလူဦးရေ ၂ သန်းမှာ ၃ ပုံ ၁ ပုံဟာ ရက်နဲ့ချီပြီး အစာမစားရတဲ့ အခြေအနေမျိုးကို ကြုံတွေ့ဖူးကြပြီးတော့ ၄ ပုံ ၁ ပုံဟာ အငတ်ဘေးဆိုက်တာနဲ့ အလားတူအခြေအနေကို ရင်ဆိုင်နေရတယ်လို့ WFP က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးနဲ့ အမေရိကန် နောက်ခံပြု ဂါဇာလူသားချင်းစာနာမှုဖောင်ဒေရှင်း (GHF) က စီမံတဲ့ ရိက္ခာဖြန့်ဝေရေး စုံမှတ်တွေမှာ စားစရာရဖို့ ကြိုးစားရင်း ပစ်သတ်ခံရလို့ သေတဲ့သူ ရာနဲ့ချီ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဂါဇာကို အကူအညီတွေ ပိုပြီးတော့ ပေးပို့သွားမှာဖြစ်ပေမဲ့ ဒီကိစ္စဟာ အမေရိကန်ပြဿနာမဟုတ်ဘဲ နိုင်ငံတကာပြဿနာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013