Home
နိုင်ငံတကာ
ဂါဇာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဟားမတ်စ် မလိုလားဟု ထရမ့်ပ် ပြော
DVB
·
July 26, 2025
Photo :Reuters

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ဟာ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးရေး သဘောတူညီချက်ကို လိုလားတာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။ 

အစ္စရေးဟာ ဂါဇာမှ ဓားစာခံတွေကို ပြန်ခေါ်ဆောင်ကာ နယ်မြေအတွင်း ဟားမတ်စ်တို့ရဲ့ အုပ်ချုပ်မှု ကို အဆုံးသတ်စေဖို့ သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်တွေကို ပြီးမြောက် အောင်မြင်စေဖို့ တခြား ရွေးချယ်စရာတွေကို အခု စဉ်းစားသုံးသပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု က ပြောလိုက်ချိန်မှာပဲ ထရမ့်ပ်ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာတာပါ။  

အခုဆို ဟားမတ်စ်ခေါင်းဆောင်တွေ လိုက်ရှာဖွေ ဖမ်းဆီးသတ်ဖြတ်ခံရတော့မယ် (အမဲလိုက်ခံရတော့မယ်) လို့ ယူဆကြောင်းလည်း ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ် အုပ်ချုပ်ရေးအဖွဲ့ဟာ ဟားမတ်စ်ရဲ့ နောက်ဆုံး အဆိုပြုချက်ထွက်လာအပြီးမှာ တိုင်ပင် ဆွေးနွေးဖို့ သူ့ရဲ့ ညှိနှိုင်းရေးအဖွဲ့ကို နိုင်ငံပြန်လာခိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးသံတမန် စတိဗ်ဝစ်တ်ကော့ဖ်က ပြောကြားခဲ့ပြီးနောက် တရက်အကြာမှာ ထရမ့်ပ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို မှတ်ချက်ပြောကြားခဲ့တာပါ။ 

အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ တိုက်ပွဲတွေကို ရက်ပေါင်း ၆၀ ဆိုင်းငံ့ထားမှာဖြစ်ပြီး ဂါဇာကို နောက်ထပ်အကူအညီတွေ ခွင့်ပြုပေးဖို့နဲ့ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ကျန်ရှိ ဓားစာခံ ၅၀ နဲ့ အစ္စရေးရှိ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ အလဲအလှယ်လုပ်မှာဖြစ်ပါတယ်။ 

အစ္စရေးက သူ့တပ်ဖွဲ့တွေကို ဘယ်လောက်အထိ ရုပ်သိမ်းသင့်တယ်ဆိုတာနဲ့ ထာဝရ သဘောတူညီချက် မရရှိရင် ရက်ပေါင်း ၆၀ အလွန် အနာဂတ်ကာလအပေါ်မှာ သဘောကွဲလွဲမှုတွေ ရှိနေတာပါ။ 

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်က တုံ့ပြန်ပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးနဲ့ အမေရိကန် တို့ဟာ ကာတာမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကနေ ကြာသပတေးနေ့မှာ သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို နုတ်ထွက်စေခဲ့ပါတယ်။ 

ထရမ့်ပ်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးသံတမန် ဝစ်တ်ကော့ဖ်ကတော့ သောင်မတင်ရေမကျ အခြေအနေဟာ ဟားမတ်စ်ကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပြီး နေတန်ယာဟု ကလည်း ဝစ်တ်ကော့ဖ် ပြောတာ မှန်တယ်လို့ ဆိုပါတယ်။ 

ဟားမတ်စ်အကြီးတန်းအရာရှိ ဘာဆမ်နာအီးမ် ကတော့ ဆွေးနွေးပွဲဟာ အပြုသဘော ဆောင်ပါတယ် လို့ ဖေ့စ်ဘွတ်ခ်မှာ ပြောကြားခဲ့ပြီး ဝစ်ထ်ကော့ဖှ်ရဲ့ မှတ်ချက်ဟာ အစ္စရေးကိုယ်စား ဖိအားပေးဖို့ ရည်ရွယ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

အစောပိုင်းမှာ သတင်းရင်းမြစ်တွေက အစ္စရေးနုတ်ထွက်မှုဟာ ညှိနှိုင်းမှုအတွက်သာဖြစ်ပြီး ဆွေးနွေးပွဲတွေကို အကျပ်အတည်းဖြစ်သွားစေဖို့ မဆိုလိုကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။ 

ဒါပေမဲ့ အစ္စရေးရဲ့ ရပ်တည်ချက်ဟာ နေ့ချင်းညချင်း ခိုင်မာလာတယ်လို့ နေတန်ယာဟုရဲ့ မှတ်ချက်က အကြံပြုထားပါတယ်။ 

တိုက်ပွဲတွေကို ရပ်နားဖို့ ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ အချိန်အနည်းငယ်လောက်သာ ကျန်တော့တဲ့ အချိန်မှာ ဒီမှတ်ချက်တွေကြောင့် အဲဒီအခွင့်အလမ်းတွေ မရှိသလောက် ဖြစ်ပုံရပြီး စစ်ပွဲတွေကြောင့် ပြိုပျက်နေတဲ့ ဂါဇာမှာ ငတ်မွတ်မှုတွေ ပိုမိုဆိုးရွားလာမှုအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေချိန်လည်းဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013