
နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ ဘရန့်ဖိုဒ်အသင်းကို တိုက်စစ်မှူး ဝစ်ဆာက တောင်းဆိုထားပါတယ်။
အသက် ၂၈ နှစ်ရှိ ဝစ်ဆာကို နယူးကာဆယ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး ဘရန့်ဖိုဒ်ဘက်က လက်မခံဘဲ ပယ်ချထားတာပါ။
ဒါပေမဲ့ ကစားသမားဖြစ်သူက အသင်းပြောင်းရွှေ့ လိုတာကြောင့် ဘရန့်ဖိုဒ်အသင်း ဒါရိုက်တာ ဖီးလ်ဂီးလ်နဲ့ ဆွေးနွေးခဲ့ပြီး အသင်းပြောင်းရွှေ့ခွင့်မပြုဘူးဆိုရင် အသင်းမှာ ပါဝင်ကစားမှာလည်း မဟုတ်ကြောင်း သတိပေးထားပါတယ်။
ဘရန့်ဖို့ဒ် အသင်းမှာ နည်းပြ သောမက်စ်ဖရန့်ခ် အပါအဝင် ဂိုးသမား ဖလက်ကမ်၊ တိုက်စစ် ကစားသမား အမ်ဘူမိုနဲ့ ကွင်းလယ်လူ နော်ဂတ်တို့ ဟာလည်း အသင်းပြောင်းရွှေ့သွားတာကြောင့် အသင်းတွင်းမှာ မတည်မငြိမ်ဖြစ်လာခဲ့တာပါ။
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဝစ်ဆာဟာ ၂၀၂၁ ခုနှစ်ကတည်းက ပြင်သစ်ကလပ် လော်ရီယန့်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ဘရန့်ဖိုဒ်နဲ့ မနှစ်က အသင်းအတွက် သွင်းဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့ပါတယ်။