
ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားရဲ့ နေရာ ၈ ခုကို လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေဟာ တပ်စခန်းအားလုံးကို ထိန်းချုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
တာ့မွန်ထုံးမ်၊ တာကရာပိုင်း ဘုရားကျောင်းတွေ၊ ဖုံမ်သရော့ပ် ဧရိယာ၊ ဗီယယ် အာထရီ၊ သားထက်ပ်၊ ဖနွန်းခမွန်း၊ အွန်းဆက်စ်အိုပ်ကာ့စ်နီနဲ့ မွံမ်ဘေ ဧရိယာတွေကို တိုက်ခိုက်မှုတွေမှာ ထိုင်းစစ်တပ်က F-16 ဂျက်လေယာဉ် အပါအဝင် လက်နက်ကြီးတွေကို အသုံးပြုခဲ့ပြီး ပရယ်ဝီဟီးခရိုင် ချမ်ကား ချခ် ဧရိယာကို ဗုံးတွေ ကြဲချခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီဆိုချိယာတာက ပြောပါတယ်။
ဒီအချိန်မှာ ပြောနိုင်တာက ကမ္ဘောဒီးယားစစ်တပ်ဟာ ထိုင်းကျူးကျော်သူတွေကို မကြောက်ရွံ့ဘဲ ကိုယ့်နယ်မြေကို ကာကွယ်ရာမှာ ရာနှုန်းပြည့် သူတို့စခန်းမှာပဲ အခိုင်အမာ ရပ်တည်နေတာပါ လို့လည်း ပြောဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ တိုက်ခိုက်မှုတွေက ကမ္ဘောဒီးယားမြေကို သိမ်းပိုက်ဖို့ ရည်ရွယ်နေတာဖြစ်ပြီး ဒါဟာ နိုင်ငံတကာအသိုက်အဝန်းအပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တို့ဟာ ကမ္ဘောဒီးယား တော်ဝင်အစိုးရအနေနဲ့ ဒီအမှုကို ဖြေရှင်းဖို့ တရားရုံးအထိတင်မယ့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်လိမ့်မယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ပန်ဘိုနာက ပြောပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယားဟာ ဒီအမှုမှာ သေချာပေါက် အနိုင်ရပါလိမ့်မယ်လို့လည်း ဆိုပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်း ၂ နိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး ထိုင်းအရပ်သား ၁၁ ယောက်နဲ့ စစ်သား ၁ ယောက်တို့ သေဆုံးခဲ့ပြီးနောက်မှာ ထိုင်းစစ်တပ်ဟာ ဇူလိုင် ၂၄ ရက်က F-16 တိုက်လေယာဉ်တစင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
နယ်စပ်အငြင်းပွားနေတဲ့ ဒေသမှာ မနက်ပိုင်းတိုက်ပွဲတွေ စတင်ဖြစ်ခဲ့တဲ့အပေါ် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်း ခရိုင် ၄ ခုရှိ အရပ်သားပစ်မှတ် ၇ ခုကို ကမ္ဘောဒီးယား ထောက်ကူလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကောက်ပဲသီးနှံနဲ့ တိရစ္ဆာန်တွေ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။
Source:Reuters