
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာအနီးကို ဇူလိုင် ၂၃ ရက် မွန်းတည့် ၁၂ နာရီ လောက်မှာ စစ်ကောင်စီလေတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရင်ပေါင်တိုင်ရွာသား တယောက်က “ကျနော်တို့ ရင်ပေါင်တိုင်ရွာရဲ့ အနောက်ဘက် မြင်သာကုန်းရွာကြားမှာရှိတဲ့ ဖုန်းတာဝါတိုင်အနီးကို ကြဲချသွားတာဗျ။ နွားတကောင်ပဲ သေတယ်။ ကျန်တာတော့ ထိခိုက်မှု မရှိဘူး”လို့ ပြောပါတယ်။
မန္တလေး တံတားဦးကနေ တက်လာတဲ့ စစ်တပ်လေယာဉ်ဟာ မကွေးတိုင်းဘက်ကနေ လှည့်ပတ် ပျံသန်းပြီးမှ ရင်ပေါင်တိုင်ရွာအနီးကို ဗုံးကြဲချခဲ့တာလို့လည်း သိရပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ပကဖ အစည်းအဝေးသတင်း ပေါက်တာ ဖြစ်လိမ့်မယ် ထင်တာပဲ။ ချတဲ့နေရာက လွဲချသွားလို့ ကံကောင်းသွားတယ်လို့ ပြောရမယ်။ ဒေသခံတွေကတော့ ကြောက်နေကြတာပေါ့။ အဲဒီရွာတွေက လေယာဉ်နဲ့ အကြိမ်ကြိမ် အပစ်ခံရပြီး သေဆုံးခဲ့ရတဲ့သူတွေလည်း အများကြီးပဲလေ။ မြေပြင်စစ်ကြောင်းလည်း အကြိမ်ကြိမ် ဝင်ရောက်ပြီး သတ်ဖြတ်ခံရတာတွေနဲ့ လူနေအိမ်တွေလည်း မီးရှို့ခံထားရတဲ့ ရွာတွေဆိုတော့ လေယာဉ်သံကြားရင် အကုန်ကြောက်နေကြရတာ။ ချသွားတဲ့ ဗုံးသီးကလည်း ကျနော် ခန့်မှန်း ပေါင် ၂၀၀ လောက်ပဲ ရှိလိမ့်မယ်ထင်တယ်။ အဲဒါကြောင့်လည်း အခုလောက် သေဆုံးထိခိုက် သက်သာရာရတယ်လို့ ပြောရမယ်ဗျ”လို့ ပြောပါတယ်။
ရင်ပေါင်တိုင်ကျေးရွာဟာ ယင်းမာပင်မြို့ပြီးရင် ဒုတိယလူစည်ကားရာ ကျေးရွာကြီးတရွာ ဖြစ်ပါတယ်။
ရင်ပေါင်တိုင်ရွာကို ၂၀၂၂ ဩဂုတ်လပိုင်းကလည်း စစ်ကောင်စီတပ်က ဝေဟင်ဗုံးကြဲပြီး မြေပြင်ကပါ စစ်ကြောင်းထိုးကာ ဒေသခံတွေကို သတ်ဖြတ်လို့ ရွာသား အယောက် ၂၀ လောက် သေဆုံးခဲ့ရ ပါတယ်။