Home
မြန်မာသတင်း
ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကြား မြန်မာနိုင်ငံသားများ လုံခြုံရေးသတိရှိရန် တိုက်တွန်း
DVB
·
July 25, 2025

ထိုင်း- ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်မှာ စစ်ရေးတင်းမာပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ လုံခြုံရေးသတိရှိကြဖို့နဲ့ ဆိုရှယ်မီဒီယာတွေမှာ ဆင်ခြင်ရေးသားကြဖို့ အလုပ်သမားအရေးလုပ်ဆောင်သူတွေက သတိပေးပါတယ်။

ထိုင်း - ကမ္ဘောဒီးယား နှစ်နိုင်ငံ ပဋိပက္ခဖြစ်နေတဲ့ နယ်စပ်မှာ ဇူလိုင် ၂၄ ရက် မနက်ပိုင်းကစလို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုင်းဘက်က အရပ်သားပြည်သူ ၁၂  ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လုံခြုံရေးသတိပြုနေကြဖို့နဲ့ ဆိုရှယ်မီဒီယာတွေမှာ အမုန်းစကား ပြန့်ပွားအောင် ရေးသားတာတွေ ဆင်ခြင်ကြဖို့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက သတိပေးပါတယ်။

AAC မြန်မာအလုပ်သမားများအရေး လှုပ်ရှားသူ ကိုရဲမင်းက “ကမ္ဘောဒီးယားက ပစ်လိုက်လို့ ထွက်ပြေးနေရတဲ့ ရုပ်သံမှာဆိုရင် မြန်မာတွေ ဝင်ရေးနေတာ တော်တော်ဆိုးတယ်။ အထူးသဖြင့် ချချချတို့ စစ်ဖြစ်မှ သိပြီမလားတို့၊ စစ်ဖြစ်ဖူးမှ နားလည်ပြီတို့၊ အခုမှ ငါတို့ နိုင်ငံကို ကိုယ်ချင်းစာတတ်ပြီတို့ ဒါမျိုးတွေ ဝင်ရေးနေတာတွေက ထိုင်းလူမျိုးတွေ အင်မတန် စိတ်ဆိုးစေမယ့် ဖြစ်ရပ်တွေ ဖြစ်တယ်။ ဒါမျိုးတွေ အထူးသတိထား ရှောင်ပါလို့၊ နောက်တခုက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေလည်း စစ်ဘေး ကင်းလွတ်ရာကို တိမ်းရှောင်ပါ၊ ပြီးတော့ ဒီ စစ်ပွဲမှာဆိုရင် ကိုယ့်နိုင်ငံသားတွေအနေနဲ့ နေတတ်အောင် နေကြပါလို့ ပြောချင်တယ်။ ကမ္ဘောဒီးယားကနေ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ မီတဲ့ အကွာအဝေးလောက်မှာ တင် မြန်မာပြည်သား သိန်းနဲ့ချီ ရှိနိုင်တယ်။ အဲ့တော့ မြန်မာနိုင်ငံသားတွေ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဇုန်မှာ သိန်းဂဏန်းလောက် ရှိနိုင်တယ်”လို့ ပြောပါတယ်။

လက်ရှိ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်က ပဋိပက္ခ စစ်ပွဲတွေကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသမှာ နေထိုင်တဲ့ ထိုင်းပြည်သူတွေကို ထိုင်းအစိုးရနဲ့ စစ်တပ်က ပြောင်းရွှေ့ပေးနေပါတယ်။

ထိုင်း-ကမ္ဘာဒီးယား နယ်စပ်တလျှောက်က ခရိုင်တွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ ကမ္ဘောဒီးယားလုပ်သားတွေ သိန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြပြီး၊ နှစ်နိုင်ငံ နယ်စပ် ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ ရောက်ရှိ လုပ်ကိုင်နေကြသူတွေကို လုံခြုံရေး သတိပြုဖို့နဲ့ အထောက်အထားတွေ အမြဲဆောင်ထားကြဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ထပ်လောင်း သတိပေးပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူ ဦးမိုးကြိုးက “ဆီရကစ်ခရိုင်၊ ကျန်ထပူရီခရိုင်၊ အဲ့ခရိုင်တွေမှာ မြန်မာလုပ်သားက ၂ သိန်းကျော်ရှိတယ်။ ကမ်ပူးချား (ကမ္ဘောဒီးယား) လုပ်သားလည်း ၂ သိန်းလောက်ရှိတယ်။ အထည်ချုပ်၊ ပင်လယ်အစားအစာ ထုတ်လုပ်ရေး၊ ပင်လယ်ငါးဖမ်းလှေ၊ သစ်စက်လုပ်တယ်။ ခြံတောင်ယာတွေ၊ ဆောက်လုပ်ရေးတွေ လုပ်ကြတယ်။ ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေကလည်း လုံခြုံရေး သတိပေးချက်တွေ လုပ်မှာပါ။ ကျန်ထပူရီ၊ ဆီရကစ် ကပ်ကပ်လေးရှိတယ် ကမ်ပူးချားနယ်စပ်မှာ မြေမြှုပ်မှိုင်းတွေ ရှိတယ်။ မြေမြှုပ်မှိုင်းတွေ ရှိတော့ မလိုလားအပ်စွာ တောကြား တောင်ကြားမှာ မိုးတွင်းမှာ မျှစ်ရှာတာတွေ၊ သစ်ရှာတာတွေ အန္တရာယ်ရှိတယ်။ တာဝန်ရှိသူတွေ စစ်မေးမြန်းတဲ့အခါမှာ ကောင်းကောင်းမွန်မွန် ပြန်ပြောဆိုပါ။ စာရွက်စာတမ်း အထောက်အထား ရှိရင် ခိုင်ခိုင်မာမာ ကိုယ်နဲ့ မကွာထားပါ”လို့ ပြောပါတယ်။ 

ထိုင်းနဲ့ ကမ္ဘောဒီးယား တိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိရောက်ရှိနေတဲ့ သက်ဆိုင်ရာ နိုင်ငံလုံခြုံရေး တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဇူလိုင် ၂၄ ရက် ထုတ်ပြန်ထားပါတယ်။

နှစ်နိုင်ငံ တိုက်ခိုက်မှုတွေအတွင်း အရပ်သားသေဆုံးမှုတွေ ရှိလာတာကြောင့် တိုက်ပွဲဖြစ်ရာနေရာကနေ အမြန်ဆုံး စွန့်ခွာကြဖို့၊ ထိုင်းလူမျိုး၊ ကမ္ဘောဒီးယားလူမျိုးတွေနဲ့ မြန်မာနိုင်ငံသားတွေ ယှဉ်တွဲ လုပ်ကိုင် နေထိုင်တာကြောင့် ဂရုစိုက် သတိနဲ့ နေကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း တိုက်တွန်း ပြောဆိုထားပါတယ်။ 

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024