
ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ သမိုင်းတလျှောက်ထုတ်လွှတ်ခဲ့မှု အပါအဝင် ရာသီဥတုပြောင်းလဲမှုအတွက် နိုင်ငံအချင်းချင်းတရားစွဲဆိုနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က သမိုင်းဝင်ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
ဒါပေမဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ရာသီဥတု ပြောင်းလဲခြင်းရဲ့ ဘယ်အစိတ်အပိုင်းကို ဖြေရှင်းရမလဲဆိုတာ ခက်ခဲစေမှာပါ။
ဒီဆုံးဖြတ်ချက်ဟာ တရားဝင်လုပ်ဆောင်ရမဲ့ အချက်မဟုတ်ပေမဲ့ ဥပဒေပညာရှင်တွေက ဒီဆုံးဖြတ်ချက်ရဲ့ အကျိုးဆက် ကျယ်ပြန့်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုမရှိတာကြောင့် စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် တရားရုံးက အခုလို ဆုံးဖြတ်ပေးတာက နိုင်ငံငယ်လေးတွေအတွက် အောင်မြင်မှု တခုပဲဖြစ်ပါတယ်။
ICJ ကို ရောက်လာတဲ့ ဒီတရားစွဲဆိုမှုဟာ ရာသီဥတုပြောင်းလဲမှုကို အရင်ဆုံးခံရမယ့် ပစိဖိတ်ကျွန်းတွေက လူငယ်ဥပဒေကျောင်းသားတွေ ၂၀၁၉ ခုနှစ်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
“စိတ်လှုပ်ရှားလွန်းလို့ ပြောစရာစကားတောင် မရှိတော့ပါဘူး။ ကျနော်တို့အားလုံး စိတ်လှုပ်ရှားမှုတွေ ပြည့်နေပါတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက် အနိုင်ရခဲ့တာကြောင့် ကိုယ့်နိုင်ငံကို ဂုဏ်ယူစွာနဲ့ ပြန်နိုင်ပါပြီ” လို့ ဆုံးဖြတ်ချက်ကို နားထောင်ဖို့ နယ်သာလန်ကို ရောက်နေတဲ့ ပစိဖတ်ကျွန်းနိုင်ငံတခုဖြစ်တဲ့ တွန်ဂါရှိ ကျောင်းသားတယောက်က ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ သမိုင်းတလျှောက် ရုပ်ကြွင်းလောင်စာတွေ အသုံးပြုခဲ့ပြီး ကမ္ဘာကြီးကို ပူနွေးအောင်လုပ်ခဲ့တဲ့ နိုင်ငံတွေဆီကနေ လျော်ကြေးရဖို့ လမ်းစဖြစ်တယ်လို့လည်း လှုပ်ရှားသူတွေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရှေ့နေတွေက မျှော်လင့်နေပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာတာနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေက ထိန်းသိမ်းမှု ပျက်ကွက်တဲ့ အပေါ် ဆင်းရဲတဲ့နိုင်ငံအများစု စိတ်ပျက်နေကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က ဒီအမြင်တွေကို ချီးကျူးခဲ့ပြီး ပါရီရာသီဥတု ပြောင်းလဲမှုသဘောတူညီချက်ကို အခြေခံဖို့ လိုအပ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
“ဒါဟာ ရာသီဥတုပြောင်းလဲမှု တရားမျှတဖို့ ကျနော်တို့ ကမ္ဘာအတွက် အောင်မြင်မှု တခုပါ။ ဒါ့အပြင် လူငယ်တွေ စွမ်းရည်နဲ့ကွဲပြားမှုတွေကို ပြုလုပ်ရမှာပါ။ ကမ္ဘာကြီးက ဒီဆုံးဖြတ်ချက်ကို တုံ့ပြန်ရမှာပါ။”
ဒီလိုတရားစွဲဆိုမှု အောင်မြင်ပါက နိုင်ငံတနိုင်ငံချင်းစီက ပျက်စီးဆုံးရှုံးမှုတွေအတွက် ငွေကြေး ဘယ်လောက် ပေးရမလဲဆိုတာ မရှင်းလင်းသေးပါဘူး။
ရာသီဥတုပြောင်းလဲခြင်းကြောင့် ဆုံးရှုံးမှုဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်တွင်း ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံရှိပြီး ၁ နာရီမှာ ဒေါ်လာ ၁၆ သန်းရှိတယ်လို့ လေ့လာသူတွေက ထုတ်ပြန်ထား ပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်လို့ ဒီဇင်ဘာလက သက်သေတင်သွင်းခဲ့ချိန်မှာ ပစိဖိတ်ကျွန်း နေထိုင်သူတွေဟာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ပြီး ဒါဇင်နဲ့ချီတဲ့ ကျွန်းတွေ ရေမြှုပ်ကုန်လို့ ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။
ဆုံးရှုံးမှုတွေထဲမှာ ၂၀၁၅ ခုနှစ်က ဗာနူအာတူမှာ တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်ပေါင်း ၂၇၆,၀၀၀ ပျက်စီးခဲ့ရသလို မာရှယ်ကျွန်းတွေပြန်ပြုပြင်ဖို့ ဒေါ်လာ ၉ ဘီလီယံ ကုန်ကျခဲ့ပါတယ်။
Source:Reuters