
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၊ ဆူမားတြားပြည်နယ်ရှိ မန်တာ့ဝိုင်ကျွန်းစုအနီး ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးရွားမှုကြောင့် သင်္ဘောတစီး နစ်မြုပ်သွားပြီးနောက် ပျောက်ဆုံးနေသူ ၁၁ ယောက်ကို ကယ်ဆယ်သမားတွေ ရှာဖွေနေကြောင်း ဒေသတွင်း ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။
သင်္ဘောပေါ်မှာ လူ ၁၈ ယောက် လိုက်ပါလာပြီး သူတို့ထဲမှာ ၁၀ ယောက်က ဒေသဆိုင်ရာ အစိုးရအရာရှိတွေ ဖြစ်ကြပါတယ်။
သင်္ဘောဟာ မန်တာ့ဝိုင်ကျွန်းစုရှိ မြို့ငယ်လေးဖြစ်တဲ့ ဆီကားကာ့ပ်မှ ထွက်ခွာခဲ့ပြီး တခြားမြို့ငယ်လေးဖြစ်တဲ့ တွာပေ့ဂျက်ထ်ကို ဦးတည်ထွက်ခွာသွားခဲ့တာပါ။
ဇူလိုင် ၁၄ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ဒီဖြစ်ရပ် ကြုံရအပြီး လူ ၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးအေဂျင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၁၅ ရက် မနက် ၇ နာရီမှ ကယ်ဆယ်ရေးစုပေါင်း SAR အဖွဲ့ဟာ တိမ်းမှောက်စက်လှေက ပျောက်ဆုံးနေသူ ၁၁ ယောက်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဒီသတင်းထုတ်ပြန်ချိန်အထိ သေဆုံးသူတွေကို ရှာမတွေ့သေးဘူးလို့ မန်တာ့ဝိုင် အမျိုးသား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီ၊ အကူအညီနဲ့ ကယ်ဆယ်ရေးရုံးမှ အရာရှိ ရူဒီက ပြောပါတယ်။
မန်တာ့ဝိုင်ကျွန်းစုမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့ခွဲပြီး ရှာဖွေရေးဧရိယာကို ကျုံ့သွားအောင် မတော်တဆဖြစ်တဲ့နေရာရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်တို့မှာ လုပ်ဆောင်နေကြပါတယ်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ လှေတွေနဲ့ ကူးတို့သင်္ဘောတွေဟာ ပုံမှန် သယ်ယူပို့ဆောင်ရေးပုံစံ ဖြစ်ပါတယ်။
ရာသီဥတုဆိုးရွားတဲ့အပြင် ဝန်ပိုတင်ဆောင်လေ့ရှိတဲ့ သင်္ဘောတွေကို အရေးယူမှု ပေါ့လျော့တဲ့ ဘေးကင်းရေးစံနှုန်းတွေကြောင့် ရေယာဉ်မတော်တဆမှုတွေလည်း အတော်လေး အဖြစ်များပါတယ်။
Source: Reuters