
အနောက်ဥရောပမှာ မြင့်တက်လာတဲ့ အပူချိန်က လူကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး လွန်ကဲတဲ့ ရာသီဥတုအတွက် ကြိုတင်သတိပေးစနစ်တွေ လိုအပ်ချက်ဟာ အရေးပေါ် သတိပေးချက်တရပ် ဖြစ်လာတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) မီဒီယာအရာရှိ ကလဲယာ နောလိစ်က ပြောပါတယ်။
အနောက်ဥရောပက လတ်တလော အပူလှိုင်းတွေရဲ့ ပြင်းထန်မှုကို နောလိစ်က တရုတ်မီဒီယာအုပ်စု (CMG) နဲ့ သီးသန့်အင်တာဗျူးမှာ ကြာသပတေးနေ့က မီးမောင်းထိုးပြခဲ့တာပါ။
ကမ္ဘာဟာ တတိယမြောက် အပူဆုံး ဇွန်လကို စံချိန်တင်ခဲ့ပြီး အနောက်ဥရောပမှာတော့ စံချိန်တင် အပူဆုံး ဇွန်လကို ကြုံတွေ့ခဲ့ရတယ်လို့ ဥရောပသမဂ္ဂက ထောက်ပံ့ထားတဲ့ ကော့ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးဌာန (C3S) က ဗုဒ္ဓဟူးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အနောက်ဥရောပမှာ ဇွန်လလယ်က အပူလှိုင်းတရပ် ဖြတ်ခဲ့ပြီး လကုန်မှာ နောက်တလှိုင်း ဖြတ်ခဲ့တာပါ။ အပူလှိုင်း ၂ ရပ်စလုံးက ပုံမှန်ထက်စောပြီး ပြင်းထန်ခဲ့ပါတယ်။
အကြောင်းရင်းတွေ အများကြီးရှိပေမဲ့ အနောက်ဥရောပမှာ သေချာပေါက် အကြောင်းရင်းတခု ကတော့ မြေထဲပင်လယ်မှာ အလွန်မြင့်မားတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန် စံချိန်တင်ထားတာကြောင့်ပါ။
ဒါကြောင့် ကုန်းပေါ်ကလူတွေက အပူလှိုင်းကို ခံစားရတဲ့အခါ မြေထဲပင်လယ်မှာလည်း ဒီလိုပဲဖြစ်နေတတ်တယ်၊ မြေယာအပေါ် သက်ရောက်မှု အရမ်းများတယ်လို့ နောလိစ်က ဆက်ပြောပါတယ်။
WMO ရဲ့ အချက်အလက်တွေအရ အပူလှိုင်းတွေရဲ့ ကြာချိန်နဲ့ ပြင်းထန်မှု ၂ မျိုးလုံး ကမ္ဘာတဝန်းမှာ တိုးများလာနေပြီး သိပ္ပံနည်းကျ သဘောတူညီချက်ကတော့ လူတွေကြောင့်ဖြစ်တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေက အဓိကအကြောင်းရင်းအဖြစ် ညွှန်ပြနေပါတယ်။
Source: Reuters