Home
နိုင်ငံတကာ
ဥရောပ၌ တရားမဝင် ပိုးသတ်ဆေးရောင်းဝယ်မှု မြင့်တက်
DVB
·
July 11, 2025
Photo :Reuters

ပိုးသတ်ဆေးနဲ့ ကောက်ပဲသီးနှံဖျန်းတဲ့ ကုန်ကျစရိတ်က စျေးကြီးလာတာနဲ့ အမျှ ဂရိနိုင်ငံရဲ့ စိုက်ပျိုးရေးဗဟိုချက်မှာ လယ်သမားတွေဟာ စျေးသက်သာတဲ့ တခြားရွေးချယ်စရာအဖြစ် တံဆိပ်မပါတဲ့ ပလတ်စတစ်ပုလင်းတွေထဲက အရည်တွေကို ကုန်းလမ်းနဲ့ ပင်လယ်လမ်းတို့ကနေ မှောင်ခိုတင်သွင်းခဲ့ပါတယ်။

ထုတ်ကုန်တွေက ပိုထိရောက်တယ်လို့ သက်ဆာလီယာ လွင်ပြင်တခွင်က လယ်သမား တဒါဇင်လောက်က ပြောပါတယ်။

ရိုက်တာသတင်းဌာနကို မျှဝေထားတဲ့ ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ဒီအရည်တွေထဲမှာ လူနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ဘေးဖြစ်စေနိုင်တဲ့ သံသယကြောင့် ဥရောပသမဂ္ဂမှာ နှစ်အတော်ကြာ တားမြစ်ထားတဲ့ ပိုးသတ်ဆေးတွေ ပါတယ်လို့ ပြထားလို့ ပိုအန္တရာယ်ကြီးနိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၀၊ ၂၀၁၈ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရာသီဥတုဖောက်ပြန်မှုရဲ့ ရှည်လျားတဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဂရိတောင်သူလယ်သမားတွေဟာ တရားမဝင်ပိုးသတ်ဆေး ရောင်းဝယ်မှုကို ခုခံနိုင်စွမ်း မရှိခဲ့ပါဘူး။

ပိုးသတ်ဆေးတွေဟာ နှစ်စဉ် ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ တောင်သူတချို့က ပြောပါတယ်။

နာမည်ကြီး ဂရိပိုးသတ်ဆေး တလီတာကို ယူရို ၃၈၀ အထိ ကုန်ကျပါတယ်။ ပိုးသတ်ဆေးအတုကို မှောင်ခိုဈေးကွက်မှာ ယူရို ၂၀၀ ကနေ ၂၃၀ လောက်နဲ့ ရနိုင်တယ်လို့ သူတို့က ပြောပါတယ်။

၂၀၀၉  ခုနှစ်ကတည်းက တားမြစ်ပိုးသတ်ဆေး တဒါဇင်ကျော်ကို ဂရိနိုင်ငံ တနိုင်ငံတည်းမှာ ၂၀၂၄ ခုနှစ်က တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပိုးသတ်ဆေးပမာဏနည်းရင် စားသုံးသူအတွက် အန္တရာယ်နည်းပေမဲ့ တရားမဝင် ဓာတုပစ္စည်းတွေကိုသုံးတဲ့ တောင်သူတွေက အန္တရာယ် ပိုကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

EU နယ်ပယ်တွေမှာ ဒီနေ့သုံးနေတဲ့ ပိုးသတ်ဆေးတွေရဲ့ အနည်းဆုံး ၁၄ ရာခိုင်နှုန်းက တရားမဝင်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိတယ်လို့ အီးယူဒေတာက ဖော်ပြပါတယ်။

ဂရိနိုင်ငံရဲ့ တချို့နေရာတွေမှာ အရေအတွက်က ၂၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာတယ်လို့ နိုင်ငံတွင်း ပိုးသတ်ဆေးကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ ဂရိနိုင်ငံ သီးနှံကာကွယ်ရေးအသင်း ESYF က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013