
ထိုင်းနဲ့ ကမ္ဘောဒီးယား အငြင်းပွားနယ်စပ်မှာ ဇူလိုင် ၂၄ ရက် မနက်အစောပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ နှစ်နိုင်ငံ စစ်တပ်တွေက ထုတ်ပြန်ပါတယ်။
နှစ်ဖက်စလုံးက တဖက်နဲ့တဖက် အရင်စတင်ပစ်ခတ်တယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ထိုင်းတပ်တွေက အကြောင်းပြချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာခဲ့လို့ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အငြင်းပွားနေတဲ့ Ta Moan Thom ဘုရားကျောင်းအနီး ဧရိယာမှာ ကမ္ဘောဒီးယားတပ်တွေက အရင်စတင်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားဟာ လက်နက်ကြီးတွေနဲ့ တပ်ဖွဲ့ဝင်တွေကို အဲဒီနေရာကို မစေလွှတ်ခင်မှာ ထောက်လှမ်းရေးဒရုန်းတစ်စီး အရင်စေလွှတ်ခဲ့တယ်လို့လည်း ထိုင်းစစ်တပ်က ပြောပါတယ်။
နယ်စပ်ကအခြေအနေဟာ သတိထားကိုင်တွယ်ရမယ့် အခြေအနေမှာရှိနေပြီး နိုင်ငံတကာဥပဒေနဲ့အညီ ဂရုတစိုက်ဖြေရှင်းသွားရမယ်လို့ ထိုင်းယာယီဝန်ကြီးချုပ် ဖုမ်းထမ်း ဝေ့ချယချိုင်းက ပြောပါတယ်။
အငြင်းပွားနယ်မြေမှာ တပတ်အတွင်း ထိုင်းစစ်သား ၂ ယောက် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီးတဲ့နောက် အခြေအနေ တင်းမာလာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ပြန်ခေါ်ပြီး ဘန်ကောက်မှာရှိတဲ့ ကမ္ဘောဒီးယားသံတမန်ကို နှင်ထုတ်မယ်လို့ ကြေညာခဲ့ပြီးနောက်မှာ အခုလိုတိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီမြေမြှုပ်မိုင်းတွေဟာ အဲဒီဒေသမှာ မကြာသေးခင်ကမှ ထောင်ထားခဲ့တာလို့ ထိုင်းဘက်က ပြောဆိုခဲ့ပြီး၊ ကမ္ဘောဒီးယားဘက်ကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တခုသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
မိုင်းရှင်းလင်းရေးအဖွဲ့တွေရဲ့အဆိုအရ ကမ္ဘောဒီးယားနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကျန် မြေမြှုပ်မိုင်း သန်းနဲ့ချီပြီး ရှိနေပါတယ်။
Source:Reuters