
မကွေးတိုင်း တောင်တွင်းကြီး-မြို့သစ်လမ်းပိုင်းမှာ ဇူလိုင် ၂၂ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က တပ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့လာတဲ့ စစ်ကောင်စီ ဗိုလ်ကြီးတယောက်ကို အရှင်ဖမ်းမိခဲ့ပြီး အပေါ့သွားစဥ် လက်နက်လုထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား တယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းဆီကနေ သိရပါတယ်။
ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစောကြီးက “ကြိုတင်သတင်းရတာတော့ မဟုတ်ဘူး။ ရဲဘော်တွေ လမ်းပိုင်းလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးချိန်မှာ အိမ်စီးကားနဲ့လာတဲ့ အဲဒီဗိုလ်ကြီးကို အရှင်ဖမ်းမိခဲ့တာပါ။ ဖမ်းမိပြီးတော့ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ လုပ်ချိန်မှာ အပေါ့သွားချင်တယ်ဆိုလို့ ရဲဘော်တွေ လိုက်ပို့တဲ့အချိန် သေနတ်လုပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့လို့ ပစ်ခတ်ခဲ့တဲ့အချိန်မှာ သေဆုံးသွားတာပါ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူဟာ စစ်ကောင်စီတပ်လက်အောက်ခံ မြဝတီမြို့အခြေစိုက် ၁၀၁၈ နယ်ခြားစောင့်တပ်ကနေ မြစ်ကြီးနားမြို့ အခြေစိုက် ခလရ ၂၉ ဆီကို အမြဲတမ်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမယ့် ကြည်း ၆၁၄၈၀ ဗိုလ်ကြီးနိုင်သူရ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းရဲ့ တာဝန်ခံ ကိုတက်တူးက “သူ့ကို သုံ့ပန်းဥပဒေနဲ့အညီပဲ ဘာမှမလုပ်ဘူး။ စစ်ဆေးဖို့ ထိပ်တုံးထဲထည့်ထားတာ။ အဲဒါ အပေါ့သွားဖို့ ပြောလာလို့ လက်ထိတ်ခတ်ပြီး ရဲဘော်တွေက လိုက်ပို့ပေးတုန်း ရဲဘော်တွေကို တံတွေးနဲ့ ထွေးပြီးတော့ သတ်ချင်သတ်ပစ်ဆိုပြီး နပန်းဝင်လုံး လက်နက်လုတာကို တခြားရဲဘော်တွေက ပစ်ခတ်လိုက်ရတာ။ မသေစေချင်ဘဲ သေသွားရတဲ့အတွက်လည်း စိတ်မကောင်းပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် လက်အောက်ခံတွေ အနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရချိန်မှာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားမှာဖြစ်လို့ ထွက်မပြေးကြဖို့ အထူးတိုက်တွန်းထားတယ်လို့လည်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းဆီကနေ သိရပါတယ်။




