Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်တပ်ကစက်တပ်လေထီးဖြင့်ဗုံးကြဲ၊ အမျိုးသား ၁ ဦးသေဆုံး
DVB
·
July 5, 2025
Myaing07072025 (2)
Myaing07072025-4
Myaing07072025-5
Myaing07072025-1
Myaing07072025-2
Myaing07072025-3

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင် ၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စက်တပ်လေထီး (Paramotor) တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) ဆီကနေ သိရပါတယ်။

အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “မြိုင်မြို့နယ်တောင်ပိုင်းက အိုရင်းရွာထဲကို ပခုက္ကူ တပ်မ ၁၀၁ ကနေတက်လာတဲ့ စက်တပ်လေထီး ၂ စီးက ဗုံး ၂ လုံးကြချသွားလို့ အသက် ၄၃ နှစ်အရွယ်အမျိုးသား ၁ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့သူက ဗုံးခိုကျင်းထဲကိုဝင်ချိန်မရတော့လို့ ဝါးရုံပင်ကြားထဲမှာ ထိုင်ပြီးပုန်းနေရင်းက နောက်ကျောကနေ ဗုံးစဝင်ပြီး ရှေ့ကိုဖောက်ထွက်သွားလို့ နေရာမှာတင် ဆုံးသွားပါတယ်။ လူနေအိမ်တချို့ ဗုံးထိမှန်တာလောက်ရှိခဲ့ပေမယ့် ကြီးကြီးမားမားပျက်စီးတာနဲ့ တခြားဒဏ်ရာရတဲ့သူ မရှိပါဘူး” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ လေယာဉ်သံနဲ့ စက်တပ်လေထီးအသံတွေကြားရင် ဗုံးခိုကျင်းထဲကို အလျင်အမြန်ဝင်ရောက်ပုန်းခိုကြဖို့နဲ့ ဗုံးခိုကျင်းထဲဝင်ပုန်းချိန်မရခဲ့ရင်လည်း မြေကြီးပေါ်ကို မှောက်လျက်အနေအထားနဲ့နေကြဖို့ တိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။

မြိုင်အခြေစိုက် လက်နက်ကြီးတပ်ဖွဲ့ခေါင်းဆောင် ကိုတောက်ပိန် က “မြိုင်နယ်ထဲမှာ တိုက်ပွဲတွေမဖြစ်တာ ရက်အတော်ကြာပြီ။ ဒီဘက်ကို သူတို့ဘက်က စစ်ကြောင်းထိုးတာလည်း မရှိဘူး။ စစ်ကြောင်းက ကမ္မဘက်မှာပဲရှိနေတာ။ စစ်တပ်ရဲ့ ဒီတိုက်ခိုက်မှုကတော့ ပြည်သူကို အဓိကပစ်မှတ်ထားတယ်ဆိုတာ သေချာတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၂ ရက်နေ့ကလည်း မြိုင်မြို့နယ်တောင်ပိုင်းက ဗဟင်းကျေးရွာကို တိုက်ပွဲမရှိဘဲနဲ့ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူငယ်အမျိုးသား ၁ ယောက် သေဆုံးပြီး အမျိုးသား ၃ ယောက် ဒဏ်ရာရခဲ့သလို လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်ထဲကို မကြာခဏလေကြောင်းတိုက်ခိုက်နေလို့ ဒေသခံပြည်သူတ အနေနဲ့ လေကြောင်းရန်အန္တရာယ်ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတူးတာတွေအပြင် လေကြောင်းရန် ကာကွယ်ရေး သတိပေးချက်တွေကိုအထူးလိုက်နာကြဖို့ တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Photo : အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013