
တိုက်စစ်မှူးအသစ် အမ်ဘူမိုကို ၂၀၃၀ ပြည့်နှစ် အထိ သက်တမ်းရှိတဲ့ တရားဝင်စာချုပ် ချုပ်ဆိုလိုက်တဲ့အကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက ဇူလိုင် ၂၂ ရက် မနက်အစောပိုင်းက ထုတ်ပြန်ပါတယ်။
အမ်ဘူမိုဟာ မန်ယူအသင်းမှာ ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ပြီး ကစားမှာပါ။ မန်ယူအသင်းဟာ အမ်ဘူမိုအတွက် ဘရန်းဖို့ဒ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ အပိုကြေး ၆ သန်းကို လေးခါခွဲပြီး ပေးချေရမှာပါ။
ယူနိုက်တက်ဟာ သူ့အိပ်မက်ထဲက အသင်းဖြစ်ပြီး အဲဒီကို ပြောင်းဖို့ အခွင့်အလမ်းရှိတယ်လို့ သိရကတည်းက အဲဒီအသင်းနဲ့ စာချုပ်ချုပ်ဖို့ပဲ သူဆုံးဖြတ်ထားခဲ့တာလို့ အမ်ဘူမိုက ဆိုပါတယ်။
ကင်မရွန်း လက်ရွေးစင် အမ်ဘူမိုဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဘရန်းဖို့ဒ်အတွက် ၃၈ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။