
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအနီးက လုပ်ကွက်ဟောင်းတခုမှာ ဇူလိုင် ၂၁ ရက်မနက်က မြေစာပုံ ပြိုကျခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၁၈ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီမနက် ၆ နာရီခွဲလောက်က မှော်စီစာကျေးရွာအနီးက စိန်စိန်နဲ့ ဂျတ်ပါဝါ ကုမ္ပဏီတို့ရဲ့ လုပ်ကွက်ဟောင်းအတွင်း မြေစာပုံပြိုကျကာ ရေမဆေးကျောက်ရှာဖွေသူ ၁၈ ယောက် ပါသွားခဲ့ပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ဒီနေ့ နေ့လယ် ၁၂ နာရီအထိတော့ အပေါ်ဆုံးကပေါ်နေတဲ့ အလောင်းတလောင်းပဲ ရပါသေးတယ်။ ပါသွားတာက အားလုံး ၁၈ ယောက်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီအရေအတွက်ထက် အကျော်ပဲ ရှိပါတယ်” လို့ ပြောပါတယ်။
အဲဒီ မြေစာပုံပြိုကျတဲ့နေရာ ခန့်မှန်းအကျယ် ပေ ၂၅၀ ကျော်အထိရှိပြီး ဇူလိုင် ၂၁ ရက် နေ့လယ် ၁၂ နာရီအထိ ပြိုကျမြေစာပုံရဲ့ အပေါ်ဆုံးက ရုပ်အလောင်းတခုသာ ဆယ်ယူရရှိထားပြီး ရှာဖွေတဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ပေးသူက “မြေစာပုံပြိုကျတဲ့အထဲ ပါသွားတာ လူတွေအပြင် ဆိုင်ကယ် ၅ စီးနဲ့ အသုံးဆောင်တွေလည်း ပါသွားတာ။ ဒီနေ့ မိုးရွာနေတော့ ရှာဖွေရေးကို ထိန်းကြောင်းလုပ်နေရတယ်။ မြေစားလုပ်ကွက်က ကျယ်တော့ အသက်ဆုံးရှုံးမှု များတာပေါ့” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျမှုဖြစ်လို့ ရေမဆေးကျောက်ရှာဖွေတဲ့သူတွေ သေဆုံးတဲ့ ဖြစ်စဉ်ဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အခုနှစ် ဇူလိုင် ၁၄ ရက်ကလည်း ဆိပ်မူကျေးရွာအနီးက လုပ်ကွက်ဟောင်းတခုက ရေမဆေးသမားတယောက် ကျောက်တုံးပြုတ်ကျလို့ ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။