
အန္တာတိကတိုက်ရဲ့ သက်တမ်းအရင့်ဆုံး ရေခဲပြင်ကနေ နမူနာ ရေခဲအပိုင်းအစတွေ ဗြိတိန်နိုင်ငံ ကိန်းဘရစ်ချ်မြို့ဆီ ရောက်နေပြီး သိပ္ပံပညာရှင်တွေက နှစ်ပေါင်း ၁ သန်းခွဲ ကျော်ကြာတဲ့ ကမ္ဘ့ာရာသီဥတုနဲ့ လေထုမှတ်တမ်းကို ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဗြိတိသျှ အန္တာတိက စစ်တမ်းအဖွဲ့ (BAS) က ဦးဆောင်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အရှေ့အန္တာတိကဒေသ Little Dome C ကွင်းပြင်စခန်းကနေ ဆလင်ဒါပုံ ရှေးဟောင်းရေခဲတွေကို အနက် မီတာ ၂,၈၀၀ ကနေ ထုတ်ယူခဲ့ပါတယ်။
လာမယ့်နှစ်အနည်းငယ်အတွင်း ဒီနမူနာတွေကို BAS ရဲ့ ဓာတ်ခွဲခန်းတွေနဲ့ တခြား ဥရောပ သုတေသနဌာနတွေမှာ စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာပြီးရင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ပါဝင်မှုတို့ကို နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။
BAS ဟာ ကမ္ဘာ့အဝေးဆုံး တိုက်ကြီးရဲ့ ရေခဲပြင်အထက်နဲ့ အောက်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ နှစ်ပေါင်း ၆၀ ကျော်ကြာ ဆောင်ရွက်ခဲ့ပါတယ်။
ဥရောပ ၁၀ နိုင်ငံက ကျွမ်းကျင်ပညာရှင်အဖွဲ့တဖွဲ့နဲ့ ပူးပေါင်းပြီး နှစ်ပေါင်း ၁ ဒသမ ၂ သန်းကနေ ၁ သန်းခွဲအထိ သက်တမ်းရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရေခဲတုံးတွေကို အောင်အောင်မြင်မြင် ထုတ်ယူနိုင်ခဲ့ပါတယ်။
၂,၈၀၀ မီတာရှိတဲ့ ရေခဲပြင်ကြီးထဲမှာ မယုံနိုင်လောက်အောင် မီတာ ၂,၈၀၀ အထိ အပေါက်တခုကို တူးဖော်ပြီး ၄ မီတာခွဲလောက် ရှိတဲ့ ရေခဲအပိုင်းတခုစီကို ပြန်ဆွဲထုတ်ယူဖို့ အချိန် ၂ နာရီခွဲလောက် ယူခဲ့ရပါတယ်။
နမူနာတွေကို သေးငယ်တဲ့ အပိုင်းတွေအဖြစ် ခွဲခြမ်းပြီး တခုစီကို ခွဲခြမ်းစိတ်ဖြာဖို့ ဥရောပတဝန်းက အဖွဲ့အစည်းတွေဆီ မပို့ဆောင်မီ ဂရုတစိုက် မှတ်တမ်းတင်ထားပါတယ်။
Source: Reuters