
ပီရူးရဲတပ်ဖွဲ့ဟာ လီမာမြို့တော်မှာ မိသားစုလိုက် မူးယစ်ဆေး မှောင်ခိုရောင်းတဲ့လုပ်ငန်းကို ဇူလိုင် ၁၇ ရက်က ရုပ်ဖျက်ဝင်ရောက်စီးနင်းခဲ့ပြီး အဖမ်းခံရသူ မိသားစုဝင် ၆ ယောက်လုံးဟာ လော့စ် ကွာဟီးနေး ဒယ်ယားနိုနွေဗို အမည်ရှိ ရာဇ၀တ်ဂိုဏ်းမှ ဂိုဏ်းဝင်တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဇူလိုင် ၁၈ ရက် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ရဲတပ်ဖွဲ့ရဲ့ ထူးထူးခြားခြား စစ်ဆင်ရေးမှာ နာမည်ကျော် မက္ကဆီကန် စူပါဟီးရိုးဇာတ်ကောင် ချာပူးလင်းကိုလိုရာဒိုအဖြစ် နှံကောင်နီဝတ်စုံ ဝတ်ဆင်ထားသူ ရဲတပ်ဖွဲ့ဝင်တယောက်လည်း ပါဝင်တာ တွေ့ရပါတယ်။
ရဲအရာရှိတွေဟာ သံပန်းတံခါးကို လေးထောင့်တူကြီးနဲ့ ထုရိုက်ချပြီး ဝင်စီးခဲ့တာကြောင့် သမားရိုးကျမဟုတ်တဲ့ ရဲနည်းဗျူဟာမှာ ဖမ်းဆီးခံရတဲ့ သံသယရှိသူတွေ အံအားသင့်ခဲ့ပါတယ်။
လက်ရှိ ရုပ်မြင်သံကြားမှာ ချာပူလင်ကော်လိုရာဒိုကို ပုံဖော်ထားတဲ့ စာရေးဆရာအကြောင်း အတ္ထုပ္ပတ္တိ စီးရီးကို ပြသနေတာကြောင့် ဒီဇာတ်ကောင်ကို တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်ခဲ့တာပါလို့ အစိမ်းရောင်တပ်ခွဲ ခေါင်းဆောင် ဗိုလ်မှူးကြီးပေဒရို ရိုဟာ့စ်က ပြောပါတယ်။
အဲဒီ ၂ ထပ်အိမ်ကို စီးနင်းတိုက်ခိုက်ခဲ့မှုအတွင်းမှာ အာဏာပိုင်တွေဟာ ကိုကင်းအနှစ် ၁,၅၂၄ ထုပ်၊ ဆေးခြောက် ၉ အိတ်နဲ့ ကိုကင်း ၄၅ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Source: Reuters